မြောင်းမြ ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ခွေးလေးကြီးအုပ်စု၊ ရှစ်အိမ်တန်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ (၂၆၄)အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covidshield) First Dose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ၊ ပိုးကရင်နှစ်ခြင်းခရစ်ယာန်ကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေး မထိုးနှံမီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်/ ကျေးစာရေးဝန်ထမ်းနှင့် ပရဟိတလူငယ်များက စာရင်းကောက်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်း များနှင့် ဖြူစင်စေတနာလူမှုကူညီရေးအဖွဲ့က ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်တိုင်း ခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြသည်။
အလားတူ မြောင်းမြမြို့နယ်အတွင်းရှိ ခွေးလေးကြီး၊ ရှစ်အိမ်တန်းနှင့် ကုန်းသာကျေးရွာများ တွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း၊ မြောင်းမြမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမ) အကြိမ် ထိုးနှံပြီးသူ ၁၃၂၈၉၃ ဦးနှင့်(ဒုတိယ)အကြိမ်ထိုးနှံပြီးသူ ၈၇၄၂၄ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
စန္ဒာကြည်(ဦးစီးအရာရှိ)