ကျောက်တံခါး ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းအောင်သည် ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် သပြေတန်းကျေးရွာတွင် ယနေ့ နံနက်(၉)နာရီအချိန်၌ ပြုလုပ်သည့် တိုင်းရင်းသားလူမျိုးများ အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကြောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းအောင် က အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ဆွေက နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသား အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဌာန၏ လုပ်ငန်းစဉ် တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့် နိုင်ငံသား အခွင့်အရေးများအကြောင်း၊ ဒုတိယဦးစီးမှူးနှင့် အကြီးတန်းစာရေးတို့က တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေများပါ အကြောင်းအရာများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များအား အသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းကောက်ယူခြင်းများကို အုပ်စုဖွဲ့၍ ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသခံရှမ်း ပအိုဝ်းတိုင်းရင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
စန်းစန်း(ပြန်/ဆက်)