ဟားခါးမြို့၌ အခြေခံပညာ အလယ်တန်း/အထက်တန်း ကျောင်းသား/သူများကို ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည်

ဟားခါးမြို့      ဇန်နဝါရီလ       ၁၈

ချင်းပြည်နယ်၊ ဟားခါးမြို့၌ အခြေခံပညာအလယ်တန်း/အထက်တန်းကျောင်းသား၊ကျောင်း သူများအား ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမ၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံ ပညာ အထက်တန်းကျောင်းတို့တွင်  ဆေးထိုးစုရပ် သုံးနေရာခွဲ၍ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ယခုထိုးနှံပေးသည့် ဒုတိယအကြိမ် ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၄ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံခဲ့သည့် ကျောင်းသား၊ကျောင်းသူများကို ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံခြင်းမပြုလုပ်မီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ဆေးထိုးမှတ်တမ်းတွင် ရေးသွင်းခြင်းများ ပြုလုပ်ပြီး ကာကွယ်ဆေး ထိုးနှံပြီးပါက မိနစ်(၃၀)ကြာ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇန်နဝါရီလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ သတ်မှတ်သည့် ဆေးထိုးစုရပ်များတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်လင်းထက်