မယ်စဲ့မြို့နယ် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

မယ်စဲ့ ဇန်နဝါရီ ၁၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက်က မယ်ဆည်နမ် ကျေးရွာအုပ်စု၌ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းပြုလုပ်ပေးရာတွင် မယ်စဲ့မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးဇော်ဝင်းနှင့် ဝန်ထမ်းများက မယ်ဆည်နမ် ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြား မကိုင်ရသေးသောသူများနှင့် အိမ်ထောင်စုမရှိသေးသောသူများအတွက် အသက်(၁၀)နှစ်ပြည့်၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်မိတ္တူ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုစာရင်းများကို ကျေးရွာပြည်သူများထံ အရောက် ကွင်းဆင်း ပြုလုပ်ပေးခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းက ပြည်ထောင်စုမြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ထုတ်ပေးနေသည့် စီမံချက် ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး  ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)