ဖောင်းပြင် ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၊ ကမ်းနားလမ်းကမ်းပြိုကာကွယ်ရေးအတွက် ၂၀၂၁-၂၀၂၂ ခုနှစ်ခြောက်လ ဘတ်ဂျက် ပြည်ထောင်စုငွေလုံးငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၄၆ ဒသမ ၇၅၀ သန်းဖြင့် တင်ဒါအောင်မြင်သည့် ယမုံဦးကုမ္ပဏီက တာဝန်ယူပြီး ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၆) စစ်ကိုင်းတိုင်းဒေသကြီးရုံးမှ စီမံညွှန်ကြားမှုဖြင့် ယခုလ ၂ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိရာ ၂၅ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
လုပ်ငန်းအမျိုးအစားမှာ ဘိုးပိုင်အခြေပြု သံကူကွန်ကရစ်မြေထိန်းနံရံနှင့် ကျောက်ပြားကပ်တမံ အမျိုးအစားဖြစ်ပြီး အလျားပေ ၃၄၀ အရှည်ရှိရာ မတ်လ ၂၀ရက်နေ့တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါကမ်းပြိုကာကွယ်ရေးလုပ်ငန်းမဆောင်ရွက်မီ ယခင်ဘဏ္ဍာနှစ်များက ဆောင်ရွက်ခဲ့သည့် ကျောက်စီမြေ ထိန်းနံရံအဟောင်းများရှေ့တွင် မြေသားပြတ်ရွေ့မှုဖြစ်ပေါ်နေခြင်းကြောင့် ယခင်မြေထိန်းနံရံအား အထောက်အကူဖြစ်စေရန်အတွက်လည်းကောင်း၊ မြို့အင်္ဂါရပ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် ကမ်းနားလမ်းတစ်လျှောက်တွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ကမ်းပြိုခြင်းကြောင့် ပြောင်းရွှေ့ရခြင်းမှ ကင်းဝေးစေရန်အတွက် လည်းကောင်း စွမ်းအားမြင့်မြေထိန်းနံရံအား ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်ကမ်းတစ်လျှောက်တွင် ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် မြို့ရွာများ ရေတိုက်စားမှုမှ ကင်းဝေးစေရန်အတွက် ကမ်ပြိုကာကွယ်ရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်း ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ် သန်း ၃၀၀ ဖြင့် ဖောင်းပြင်မြို့ကမ်းနားလမ်း တစ်လျှောက်တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားရန် လျာထားပြီးဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ (၆) စစ်ကိုင်းတိုင်းဒေသကြီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဇော်ဦးထံမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)