သရက် ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ကျန်းမာရေးသတိရှိစေရန် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းများကို ယနေ့နံနက် ၉ နာရီ က သရက်မြို့အနောက်ဈေးမှ ဈေးရောင်း၊ ဈေးဝယ်များ၊ လမ်းသွားလမ်းလာ ပြည်သူများနှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စီးနင်းသူများအား အသိပညာပေးနှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းနှင့် နှာခေါင်းစည်းအခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်း (Mask Campaign) ဆောင်ရွက်ခြင်းအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သုခရတနာပရဟိတအသင်းတို့ ပူးပေါင်း၍ ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်များနှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် မောင်းနင်သူများ နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာကြစေရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာစေရန် အသိပညာပေးနှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေပေးခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဇော်ဝမ်းထွန်း