ရေတာရှည် ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့ များ၏ ကူညီပံ့ပိုးမှုများအပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှု ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်းနှင့် အတူ အာဆီယံနိုင်ငံ တစ်ခုဆီသို့ ရောက်ရှိလာပြီဖြစ်ရာ မိမိတို့နိုင်ငံနှင့် နီးကပ်လာလျက်ရှိနေ ပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ် တားဆီးနိုင်ရေး သတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာမဟုတ်ပါကြောင်း၊ မိဘပြည်သူများအနေနှင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားလာခြင်း၊ ပြင်ပထွက်တိုင်း နှာခေါင်းစည်း(Mask) တပ်ခြင်း၊ လက်ကို စနစ်တကျ မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေ အကွာ နေထိုင်ခြင်းစသည့် စည်းမျဉ်း၊ စည်းကမ်းများအား ဆက်လက်လိုက်နာ ကျင့်သုံးသွား ကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)