ရေဖြူမြို့နယ်တွင် ရော်ဘာဈေးမြင့်တက်လာမှုကြောင့် ရော်ဘာလုပ်ငန်းဖြင့် အသက်မွေးသူ များ စီးပွားရေးအဆင်ပြေ

ရေဖြူ ဇန်နဝါရီ ၁၈

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ပထမရာသီကုန်ချိန် ရော်ဘာဈေးမြင့်တက်လာမှုကြောင့် ရော်ဘာလုပ်ငန်း လုပ်ကိုင်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ၂၀၂၁ ခုနှစ် ကုန်ခါနီးတွင် ရော်ဘာအလွတ်ပြားဈေးနှုန်း တစ်ပေါင်လျှင် ၉၀၀ ကျပ် အထိသာ ဈေးပေါက်ခဲ့သော် လည်း ယခုဇန်နဝါရီလလယ်တွင် ၁၀၇၀ ကျပ်အထိ ဈေးရနေ ကြောင်း သိရသည်။

"အရင်နှစ်တွေတုန်းက တစ်ပေါင် ၇၀၀ ကျပ်ပဲ ရတယ်ဆိုတော့ ခြံရှင်အတွက်ရော အစေးလှီးတဲ့ အလုပ်သမားအတွက် သိပ်မကိုက်ဘူးဗျ။ ဒီနှစ် ဒီပထမရာသီမှာ တ‌ဖြည်းဖြည်းနဲ့ တစ်ထောင် ကျော်လာပြီဆိုတော့ ရှိသမျှခြံတွေလည်း ခြံဖွင့်အစေးလှီးကြတယ်။ ခြံရှင်အတွက်ရော အလုပ်သမား မိသားစုစားဝတ်နေရေး အဆင်ပြေတယ်ဗျ" ဟု ရော်ဘာခြံလုပ်ငန်းပိုင်ရှင် ဦးမျိုးနိုင်ကပြောသည်။

ရေဖြူမြို့နယ်တွင် ရော်ဘာခြံလုပ်ငန်း ခြံရှင်နှင့် အစေးလှီးအလုပ်သမားသည် ဝင်ငွေ၏ ထက်ဝက်စီ ရယူလုပ်ကိုင်ကြသူများပြီး ယခုဇန်နဝါရီလလယ်မှ စကာ ရွက်ကြွေ၍ ပထမရာသီ တွင် အစေးလှီးခြင်းလုပ်ငန်းများ တစ်လလောက်ရပ်နားထားပြီး ရွက်သစ်ပြန်ထွက်ချိန် ဖေဖော်ဝါရီလလယ်လောက်တွင် ဒုတိယရာသီ လုပ်ငန်းများပြန်လည် စတင်မည် ဖြစ်ကြောင်း သိရသည်။

ခတ္တာ