ကသာ ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေးသူများအား ယနေ့ နံနက် ၉ နာရီအချိန် မှစ၍ ကသာ မြို့တော်ခန်းမတွင် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ထိုးနှံရာတွင် ကသာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများက လာရောက် ထိုးနှံကြပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူများကိုလည်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကူညီဆောင်ရွက်ရေး လုပ်ငန်းများကို မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ နှင့်အတူ ပူးပေါင်း၍ ဆေးထိုးအုပ်စုများခွဲကာ အုပ်စုအလိုက် ဆောင်ရွက် လျက်ရှိသည်။
ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသည့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဒုတိယအကြိမ် ထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
ခရိုင်(ပြန်/ဆက်)