အုတ်ဖိုမြို့နယ် ပညာရေးမှူးရုံးတွင် ပညာရေးဝန်ထမ်းများအား ဆီးချိုသွေးချိုနှင့်သွေးတိုးရောဂါ စစ်ဆေးကုသပေး

အုတ်ဖို ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက Non-Communicable Disease Clinic ဖွင့်လှစ်ခြင်း အစီအစဉ်အဖြစ် ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး၌  ပညာရေးဝန်ထမ်းများကို မကူးစက်ရောဂါများဖြစ်သည့် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါစစ် ဆေးကုသပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည်။ ရောဂါစစ်ဆေး ကုသပေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇော်မောင်၏ စီစဉ်မှုဖြင့် စစ္စတာ ဒေါ်တင်မိုးထွေး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက  ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရပ်အမြင့်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုရှိမရှိ စစ်ဆေးပေးခြင်း၊ BMI စစ်ဆေးပေးခြင်းတို့ဆောင်ရွက်ခဲ့ပြီး လိုအပ်သည့်ဆေးဝါးများကို အခမဲ့ပေးအပ်ခဲ့သည်။

အဆိုပါအစီစဉ်ကို ယခင်ရက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိသော ဌာနဆိုင်ရာများကိုလည်း ဆက်လက်သွားရောက် စစ်ဆေးကုသပေးသွားမည် ဖြစ်ကြောင်းသိရသည်။

အောင်သူ(အုတ်ဖို)