အထက်မင်းလှ ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ် တွင် ဒေသဖွံ့ဖြိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်း ဆောင်ရွက် လျက်ရှိရာ ဌာနဆိုင်ရာများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများအလိုက် ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် မြို့သန့်ရှင်းသာယာ လှပရေးနှင့် ရုံးတွင်း၊ ရုံးပြင်သန့်ရှင်းသာယာလှပရေး အလေးထား ဆောင်ရွက်ရန်၊ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်၍ ဌာနဆိုင်ရာများ အားလုံးပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှု(၆)လနှင့် အထက်ရှိပြီးသော ဦးတည်အုပ်စုများအား Booster Dose ထိုးနှံပေးမည်ဖြစ်၍ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရန်အတွက် ပြည်သူများ နေအိမ်ပြင်ပ သွားလာရာတွင် နှာခေါင်းစည်း မဖြစ်မနေ စနစ်တကျ တပ်ဆင်ရေး သက်ဆိုင်ရာ ဌာနများမှ စစ်ဆေးဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းမင်းက ဌာနဆိုင်ရာများအနေဖြင့် ရုံးတွင်း/ရုံးပြင် သန့်ရှင်းရေး အလေးထား ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ပြီးစီးမှုအား ပြန်လည်တင်ပြရန်၊ သန့်ရှင်းရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြို့နယ်စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရုံးတွင်း/ရုံးပြင် သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)