မင်းဘူး ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ယစ်မျိုးဆိုင်များအား သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် ရောင်းချနိုင်စေရေးအတွက် တရားမ၀င်ယစ်မျိုး ဖမ်းဆီးနှိမ်နင်းရေး (Task Force)အဖွဲ့မှ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့သည်။
“တစ်မြို့နယ်လုံးဆိုရင် ယစ်မျိုးလိုင်စင် အမျိုးအစားပေါ်မူတည်ပြီး ခွင့်ပြုထားတဲ့ဆိုင်ပေါင်း (၁၉၀)ကျော် ရှိပါတယ်။ ဒီကနေ့မှာ ၁၂ ဆိုင်ကို တရားမ၀င် ယစ်မျိုးရောင်းချမှု မရှိစေရေးနဲ့ ယစ်မျိုးလိုင်စင် စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပြီးတော့ သတ်မှတ်ထားတဲ့ အခွန်ငွေတွေ ပေးသွင်းနိုင်စေဖို့ ဆိုင်ရှင်တွေနဲ့ သွားရောက် တွေ့ဆုံပြီး ညှိနှိုင်းဆောင်ရွက်ခဲ့တာပါ။ နောက်ရက်တွေမှာလည်း ကျန်တဲ့ ဆိုင်တွေကို ယခုလိုစစ်ဆေး သွားဖို့ရှိပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ပြောသည်။
အဆိုပါ စစ်ဆေးခြင်းများကို မြို့နယ်ယစ်မျိုး အကြံပေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့် ဦးဆောင်ပြီး တရားမ၀င်ယစ်မျိုးဖမ်းဆီးနှိမ်နင်းရေး (Task Force) အဖွဲ့မှ တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း ယစ်မျိုးလိုင်စင် အမျိုးအစားအလိုက် ရောင်းချခွင့်ပြုထားသော ဆိုင်ပေါင်း (၁၉၃)ဆိုင်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)