လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာတွင် တောင်သူများ မိမိခြံဝင်းအတွင်း တိုင်ထောင်ပဲများ စိုက်ပျိုး၍ မိသားစုအပိုဝင်ငွေရရှိ

လှိုင်းဘွဲ   ဇန်နဝါရီ     ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မဲဆမိတ်ကျေးရွာတွင် တောင်သူများ မိမိနေအိမ် ခြံဝင်းအတွင်း တိုင်ထောင်ပဲများ တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ မိသာစုအပိုဝင်ငွေများ ရရှိ၍  စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ကျွန်မတို့ရွာမှာ မိုးကုန်တာနဲ့ သီးနှံအမျိုးမျိုးတွေ စိုက်ပျိုးကြတယ်၊ တစ်ချို့သီးနှံတွေ ကတော့ မိသားစုတွေစားဖို့ပဲ၊ ရုံးပတီသီး၊ ငရုပ်သီး၊ သခွါးသီး၊ မုန်လာရွက်၊ ဟင်းသီးဟင်းရွက်တွေ၊ တစ်ချို့သီးနှံကတော့ ရောင်းတာပေါ့၊ ပဲတောက်ရှည်ဆိုရင်တော့ အများကြီး စိုက်ပြီး ရောင်းတယ်။ မြို့မှာ သွားဝယ်စရာမလိုတော့ဘူး၊ ကုန်ကျစရိတ်ကတော့ မရှိဘူးပေါ့၊ ဒီမှာက နှစ်တိုင်းစိုက်နေတယ် ဆိုတော့၊ စိုက်ပျိုးပြီး ရောင်းတယ်၊ ပြီးတော့ နောက်နေ့ စိုက်မဲ့မျိုးစေ့တွေ ထားထားတာပေါ့၊ စိုက်ပြီးရောင်းလို့ရတဲ့ငွေတွေကို မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေတာပေါ့” ဟု စိုက်ပျိုးသူ ဒေါ်နော်ဖော့ဖော့က ပြောသည်။

တိုင်ထောင်ပဲသည် သဲမြေမှ မြေစေးအထိ မြေအမျိုးအမျိုးတွင် စိုက်ပျိုးနိုင်ခြင်း၊ တစ်တန်းနှင့် တစ်တန်း (၃)ပေခြားပြီး တစ်ပင်နှင့်တစ်ပင်(၉)လက်မ (သို့မဟုတ်) (၁၂)လက်မခွာပြီး စိုက်ပျိုး နိုင်ခြင်း၊ အပတ်(၂)ပတ်သားအရွယ်တွင် နွယ်များတက်နိုင်ရန်အတွက် တိုင်များထောင်ပေးခြင်း၊ ပန်းပွင့်ပြီး (၇)ရက်အကြာတွင် ထွက်ရှိလာသော ပဲတောင့်သီးများအား ခူးဆွတ်ရောင်းချနိုင်ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)