ဘိုကလေး ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်သည် မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်သည့်အလျှောက် ဒေသအတွင်း ပေါများစွာထွက်ရှိသည့် အုန်းသီးများအား ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချခြင်းဖြင့် ဈေးကောင်း ရရှိလျက်ရှိသည်။
ဒေသထွက်ကုန်အုန်းသီးသည် မြန်မာမုန့်များ ပြုလုပ်ခြင်း၊ အုန်းဆီချက်လုပ်ခြင်း၊ ဘုရားပွဲ၊ ကန်တော့ပွဲများ လှူဒါန်းခြင်း၊ နတ်ကိုးကွယ်မှု ဓလေ့ထုံးစံများအရ သုံးစွဲခြင်းကိစ္စများတွင် မဖြစ်မနေ အသုံးပြုရသည့် ပစ္စည်းဖြစ်နေသောကြောင့် ဈေးကွက်အတွင်း၌ ဝယ်လိုအား၊ ရောင်းလိုအား ကျဆင်းမှုမရှိဘဲ (၁၂)လရာသီတိုင်အောင် ဈေးကွက်ခိုင်မာစွာ ရပ်တည် နေရသည့် ပစ္စည်းတစ်မျိုး ဖြစ်ကြောင်း အုန်းသီး ဝယ်ယူတင်ပို့ရောင်းချသူများထံမှ သိရသည်။
အုန်းသီး ဝယ်ယူတင်ပို့ ရောင်းချမှုနှင့် ပတ်သတ်၍ အဆိုပါ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေသူတစ်ဦးမှ "ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ အုန်းသီးဟာ တစ်နှစ်ပတ်လည်လုံး ပေါများပြီး အုန်းပင်(၁)ပင်ကို တစ်နှစ်လျှင် (၃)ကြိမ် အနည်းဆုံး ခူးရပါတယ်၊ အုန်းပင်တက်သမားကို နေ့စားနဲ့တစ်ရက်ကို ငွေကျပ်(၇၀၀၀) နှုန်းလောက် ပေးငှားပြီး အုန်းပင်လိုက်တက်ခိုင်းပြီး အုန်းသီးဝယ်ရပါတယ်၊ ဝယ်ရတဲ့ ဈေးကတော့ (၁)လုံးကို (၂၅၀)ကျပ်နှုန်းလောက်ဝယ်ယူရပြီး ရန်ကုန်တိုင်းဒေသကြီးရဲ့ ဈေးကွက်ထဲကို ကုန်တင်ကားနဲ လက်ကားတင်ပို့ ရောင်းချရင် (၁)လုံးကို (၈၀၀)ကျပ်နှုန်းလောက် ရရှိပါတယ်၊ ဘုရားပွဲ၊ ကန်တော့ပွဲနဲ့ နတ်ဆိုင်းတွေအတွက် အုန်းသီးကြွက်မြီးပါအောင် ခူးပြီး ရောင်းနိုင်ရင် (၁)လုံးကို (၁၅၀၀)ကျပ်ကနေ (၂၀၀၀)ကြားအထိရပါတယ်" ဟု ပြောကြားသည်။
ယခုလက်ရှိတွင် ဘိုကလေးမြို့နယ်မှ အုန်းသီးများအား ရန်ကုန်တိုင်းဒေသကြီး ဈေးကွက်များထဲသို့ ဝယ်ယူတင်သွင်း ရောင်းချနေသည့် ဒေသခံ အုန်းသီးကုန်သည် (၅၀)ဦးခန့်ရှိပြီး အဆိုပါ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေသူများ အနေဖြင့် ဈေးကောင်းရရှိပြီး လုပ်ငန်းလည်ပတ်မှုမှာလည်း တစ်နှစ်ပတ်လည်လုံး ပုံမှန်ရှိနေကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)