မြောင်းမြမြို့နယ်၊ ရှစ်အိမ်တန်း​ကျေးရွာ၌အသက် (၁၈)နှစ် နှင့်အထက်ပြည်သူ (၂၆၄)ဦးအား ကိုဗစ်- ၁၉ ကာကွယ်ဆေး (Covidshield) First Dose ထိုးနှံပေး

မြောင်းမြ  ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြမြို့နယ်၊ ခွေးလေးကြီးအုပ်စု၊ ရှစ်အိမ်တန်းကျေးရွာတွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှမထိုးနှံရသေးသော အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများ (၂၆၄) အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Covidshield) First Dose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ၊ ပိုးကရင်နှစ်ခြင်း ခရစ်ယာန် ကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပါ်တုံ့ပြန်ရေးကော်မတီမှကြီးကြပ်မှုဖြင့် ကာကွယ်ဆေးမထိုးနှံမီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရပ်/ ကျောင်းစာရေးဝန်ထမ်းနှင့် ပရဟိတလူငယ်များက စာရင်းကောက်ယူခြင်း၊ ကျန်းမာရေး ဝန်ထမ်းများနှင့်​ ဖြူစင်စေတနာလူမှုကူညီရေးအဖွဲ့က ကာကွယ်ဆေးထိုးနှံရန် လာရောက် သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်တိုင်းခြင်း၊ အောက်ဆီဂျင် တိုင်းတာပေးခြင်း စသည့်ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြသည်။

အလားတူ မြောင်းမြမြို့နယ်အတွင်းရှိ ခွေးလေးကြီး၊ ရှစ်အိမ်တန်းနှင့် ကုန်းသာကျေးရွာများ တွင်လည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိကြောင်း၊ မြောင်းမြမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလ(၁၆)ရက်နေ့အထိကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမ)အကြိမ်ထိုးနှံပြီးသူ ၁၃၂၈၉၃ ဦး နှင့်(ဒုတိယ)အကြိမ်ထိုးနှံပြီးသူ ၈၇၄၂၄ ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

စန္ဒာကြည်(ဦးစီးအရာရှိ)