တောင်ငူ ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီဘိုးဘွားရိပ်သာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံနှင့် အဝန်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၁ ခုနှစ် မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ (၁၈) လကြာ ဆောင်ရွက်ပေးရန် ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့ရှိ လျာထားဦးရေ (၁၅၉၅၇၆)ဦးကို စီမံချက်စတင်သည်မှ (၈)လတာ ကာလအတွင်း ရာနှုန်းပြည့် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ စီမံချက်ကာလ အတွင်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လုံခြုံရေးကိစ္စများအား တာဝန်ယူဆောင်ရွက်ပေးခဲ့ သည့် တပ်မတော် တပ်ရင်း တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြေပြင်တွင် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည့် ခရိုင်၊ မြို့နယ်အသီးသီးမှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဝန်ထမ်းများအားလုံး ကြိုးစားဆောင်ရွက်ခဲ့မှုကြောင့် ယခုလို ရာနှုန်းပြည့်ပြီးမြောက် နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်အတွက်အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သော eID လုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးများအတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း တစ်စုံစီ အတွက် ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် နိုင်ငံနှင့် ပြည်သူ အတွက် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ဆက်လက်ကြိုးပမ်းထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၌ ဝန်ကြီးချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဉာဏ်ရွှေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ငူခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဝင်းတို့က လက်ခံရယူသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးအောင်မင်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တောင်ငူခရိုင် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရှိ ဝန်ထမ်းများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အခမ်းအနားတွင် ပြသထားသည့် မှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုသည်။ တောင်ငူခရိုင်အတွင်း မြို့နယ် ခြောက်မြို့နယ် ရပ်ကွက် ၈၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၄၆ အုပ်စုဖြင့် ဖွဲ့စည်းထားရှိပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပေးရန် လူဦးရေ ၃၂၆၃၉ ဦး ဖြစ်သော်လည်း လူဦးရေ ၃၃၆၄၅ ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတ်မှတ်ကာလထက် ၉ လ ပိုမိုစောပြီးအောင် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် အိမ်ထောင်စုစာရင်း မရှိသေးသည့် အိမ်ထောင်စု ၉၃၄၂ စုကို ဆောင်ရွက်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဇော်ထက်(တောင်ငူ)