ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်နီပိဿာချိန်ပေါင်း ၅၀၀၀၀ခန့် ဝင်ရောက်လာ

ပခုက္ကူ ဇန်နဝါရီ   ၁၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ပန်းစွာ(ခ)ဦးမေဃကျောင်းတိုက်ဝန်းအတွင်းရှိ ကြက်သွန်ပွဲရုံ (ဈေးကွက်)အတွင်း ကြက်သွန်နီပိဿာချိန်ပေါင်း  ၅၀၀၀၀ ခန့်အထိ နေ့စဉ်ဝင်ရောက်လာကြောင်း သိရသည်။

ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ပန်းစွာ(ခ) ဦးမေဃကျောင်းတိုက်ဝန်းအတွင်းရှိ ကြက်သွန်ပွဲရုံမှာ ပခုက္ကူ၊ ဆိပ်ဖြူ၊ ပုလဲ-မင်းနိုင်၊ ပေါက်နှင့်ယောနယ်ဒေသများမှတောင်သူတွေထံက ကြက်သွန်နီတွေကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်ပြီး ဈေးကွက် လက်ခံဆောင်ရွက်ကြရာ ယခုအချိန်ထိအနည်းဆုံးပိဿာချိန်ပေါင်း ၁၅၀၀၀မှအများဆုံးပိဿာချိန်ပေါင်း ၃၅၀၀၀၀ကျော်အထိ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း၊ ယနေ့တွင် မိုးကြက်သွန်နီအိတ်ပေါင်း ၁၄၅၀အိတ်၊ ပိဿာချိန်ပေါင်း ၅၀၀၀၀ခန့်  ဝင်ရောက် လာရာ ကြက်သွန်နီတစ်ပိဿာကို အများဆုံးငွေကျပ် ၅၅၀မှ အနည်းဆုံး ၁၀၀ကျပ်တို့ဖြင့် ရောင်းချရကြောင်း၊ ယခင် နှစ်များတွင် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀မှ၂၀၀၀ကျပ်အထိရှိခဲ့သော်လည်း ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွား နေမှုကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အခက်အခဲများနှင့်ကြုံတွေ့ရခြင်း၊ ဒေသတွင်းဈေးကွက်များ၌ ကြက်သွန်ဝယ်လိုအား သိသာစွာကျဆင်းနေခြင်းတို့ကြောင့် ပုံမှန်ဈေးနှုန်းထက်ကျဆင်းနေကြောင်း၊ လက်ရှိချိန်တွင် ကြက်သွန် ဖြူဈေးမှာ တစ်ပိဿာလျှင်အများဆုံးငွေကျပ် ၃၀၀၀မှ အနည်းဆုံး ၁၀၀၀ကျပ်နှုန်းအထိရှိကြောင်း ပခုက္ကူခရိုင်ကုန်စိမ်း လိုင်းခွဲ ကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းထံက သိရသည်။

ထို့အပြင် ပေါက်မြို့နယ်၊ ပျဉ်းချောင်းကျေးရွာမှ ကြက်သွန်နီလာရောက်ရောင်းချသည့် တောင်သူဦးညီညီမင်းကျော်က “ယခုနှစ်တွင် မိုးကြက်သွန်နီစိုက်ခင်း တစ်ဧကလျှင် ကျင်းပေါင်း ၁၉၈ကျင်းစီဖြင့် နှစ်ဧကစိုက်ပျိုးထားကြောင်း၊ ကြက်သွန်နီ တစ်ဧကအတွက် စိုက်စရိတ်ငွေကျပ် ၁၂၀၀၀၀၊ အလုပ်သမားခ ငွေကျပ် ၁၃၀၀၀၊ မြေဩဇာထည့်စရိတ် ငွေကျပ် ၁၂၀၀၀၀၊ လယ်ထွန်းစရိတ်ငွေကျပ် ၁၄၀၀၀၀၊ နွားရှင်းခ ငွေကျပ် ၂၀၀၀၀ ၊ ရေသွင်းစရိတ် ငွေကျပ် ၁၁၀၀၀၊ ပေါင်းသတ်ဆေးဖြန့်စရိတ် ငွေကျပ် ၁၀၀၀၀၀၊ ရိတ်သိမ်းစရိတ် ငွေကျပ် ၃၀၀၀၀၀နှင့်အခြား လုပ်ငန်းများအတွက် အရင်းအနှီးစုစုပေါင်း (၁၂)သိန်းကျော် ကုန်ကျခဲ့ကြောင်း၊ ကြက်သွန်နီတစ်ကျင်းတွင် ပိဿာချိန် ၂၀ထွက်ရှိပြီး ရောင်းချနေဆဲကာလဖြစ် သောကြောင့် အမြတ်ရရှိငွေ ရရှိမှုတန်ဖိုးခန့်မှန်းလို့မရနိုင်သေးကြောင်း၊ ကျေးရွာရှိတောင်သူများအနေဖြင့် ကြက်သွန်ကိုပဲ အဓိကထားစိုက်ပျိုးကြသော ကြောင့် ကိုဗစ်-၁၉ရောဂါကင်းစင်ပြီး ပြည်ပဈေးကွက်များထံ ကောင်းမွန်သောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး မျှော်လင့်နေ ကြကြောင်း” ပြောပြသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)