ဆင်ပေါင်ဝဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းဇော်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ အဖွဲ့ဝင်()ဗိုလ်မှူး မျိုးဇော်ဟိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လဝက ဦးစီးမှူး ဦးသိန်းလွင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် နာရီခွဲအချိန်က ဒဂုံမှော်ကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအထောက်အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲတွင် နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေရရှိရေး၊ မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်နိုင်ရေး၊ ကျောင်းနေအရွယ်ကလေးများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး၊ သတ်မှတ်ဆေးထိုးအကြိမ်ရေ ပြည့်မီအောင် ထိုးနှံကြရန်တို့အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်ဋ္ဌာနဆိုင်ရာများမှလည်း မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများမှ မိမိတို့ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)