ပွင့်ဖြူ ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး နှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် အထူးဂရုပြုဆောင်ရွက် ကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး နှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော လမ်းညွှန်ချက်များကို ပြည်သူများလိုက်နာ ဆောင်ရွက်ရန် စဉ်ဆက်မပြတ် အသိပေးနှိုးဆော်ဆောင်ရွက် သွားကြစေလိုကြောင်း၊ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံ ရသေး သူများကိုလည်း သတ်မှတ်ဆေးထိုးစုရပ်များတွင် မပျက်မကွက် သွားရောက်ထိုးနှံကြရန် တိုက်တွန်းစေလိုကြောင်း၊ မိမိတို့ မြို့နယ်သည် စိုက်ပျိုးရေးကို အားထားဆောင်ရွက် လုပ်ကိုင်ကြသည့်အတွက် ဒေသခံတောင်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်လာနိုင်၍ စိုက်ပျိုးသီးနှံများ ထိခိုက်ဆုံးရှုံးမှု ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဝင်းဦးက နယ်မြေအလိုက် တရားဥပဒေစိုးမိုးရေး နှင့် ရပ်ရွာ အေးချမ်းသာယာရေး ဆောင်ရွက်ရန်အချက်များ ကိုလည်းကောင်း၊ အဖွဲ့ဝင်ဗိုလ်မှူးမင်းပိုင်စိုးက ပြည်သူလူထုအေးချမ်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ထူခြားဖြစ်စဉ်ရှိပါကအချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ ဆောင်ရွက်ရန် တို့ကို လည်းကောင်းဆွေးနွေး ပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်းနယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဆောင်ရွက်ရန်လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ နှင့် စပ်လျဉ်းပြီး ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
ရဲဝင်းနိုင် ( ညောင်ဦး )