တနင်္သာရီ ဇန်နဝါရီ ၁၈
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မိဘပြည်သူများ၏ အသက်အိုးအိမ်နှင့်စည်းစိမ်များ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် လိုက်နာရမည့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့် ဝန်ထမ်းများက ယမန်နေ့ ည ၈နာရီအချိန်မှစ၍ ချောင်းကြီးရပ်ကွက်နှင့်ချောင်းငယ်ရပ်ကွက်အတွင်း မီးသတ်မော်တော်ယဉ်ဖြင့်လှည့်လည်၍ အသံချဲ့စက်ဖြင့် လှုံ့ဆော် အသိပေးကြေငြာခြင်းများဆောင်ရွက်ကြကြောင်း သိရှိရသည်။
ထိုသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ အသိပေးကြေငြာပေးရာတွင် ယခုအခါ ပူပြင်းခြောက်သွေ့သော နွေရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မိမိအိမ်၌သုံးစွဲထားသော မီးဖိုမီး၊ လျှပ်စစ်မီး၊ ဖယောင်း တိုင်မီးများ၊ ခြင်ဆေးခွေကို စနစ်တကျငြိမ်းသတ်ပြီးမှ အိပ်ကြရန်နှင့်မိမိတို့နေအိမ်၌ မီးချိပ်၊ မီးကတ်၊သဲပုံး၊ ရေပုံးများကိုစနစ်တကျပြုလုပ်ထားကြရန်၊ မိမိတို့အိမ်ပတ်ဝန်းကျင်ရှိအမှိုက်များ၊ ကွမ်းသီးခွံများ ကိုလုံးဝ(လုံးဝ)မီးမရှို့ကြရန် တွေ့ရှိပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဓာတ်ဆီ၊ဒီဇယ်ဆီ၊ ရေနံဆီစသည့် စက်သုံးဆီများကို မြို့အတွင်း၌ သိုလှောင်ခြင်း၊ရောင်းချခြင်း (လုံးဝ)မပြုလုပ်ရန်- တွေ့ရှိပါက မီးသတ်တပ်ဖွဲ့ဥပဒေ ပုဒ်မ-၂၆ နှင့် ပုဒ်မ-၃၂အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု အသိပေးကြေငြာချက်များပါရှိကြောင်း မြို့နယ် မီးသတ်ဦးစီးဌာန မှသိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)