ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းအား လည်ပတ်စရာဒေသ တစ်ခုဖြစ်လာရန် ဖော်ဆောင်နေ

မင်းဘူး    ဇန်နဝါရီ    ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းသည် မြန်မာ့သစ်လုပ်ငန်း မင်းဘူးခရိုင် သစ်ထုတ်ရေးဒေသ လက်အောက်တွင်ရှိပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ရက်က စတင်ဖွင့်လှစ်ကာ ဧက ၇၀၀ ကျယ်ဝန်း၍ ပန်းတောင်း-ပျော်ဘွယ် ကြိုးပြင် ကာကွယ်တောတွင် တည်ရှိသည်။

ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးကို အခြေခံ၍ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆင်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သော (Community Base Toursim) လုပ်ငန်းများ ထွန်းကားလာစေရန်၊ ဆင်များ၏ အလေ့အထအမူအကျင့်နှင့် နေထိုင်မှု သဘာဝများကို သိရှိနားလည်ပြီး ဆင်များအပေါ် ချစ်ခင်မြတ်နိုး တတ်စေရန်၊ Ecotourism ဖွင့်လှစ်တည်ထောင်ခြင်းဖြင့် မြန်မာ့သဘဝ တောတောင်ရေမြေ၏ အလှအပတရားများကို ခံစားတတ်လာပြီး ထိန်းသိမ်းစောင့်ရှောက်လိုစိတ်များ ပေါ်ပေါက်လာကာ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးကို အထောက်အကူဖြစ်စေရန်၊ အစိမ်းရောင် စီးပွားရေး လုပ်ငန်းဖြင့် နိုင်ငံတော်အတွက် ဝင်ငွေရရှိစေရန်စသော ရည်ရွယ်ချက်များဖြင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင် သစ်ထုတ်ရေး လက်ထောက်မန်နေဂျာ ဦးလှသန်းထံမှ သိရသည်။

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းမှာ ရွှေစက်တော်ဘုရားမှ နှစ်မိုင်သာ ဝေးသောကြောင့် စက်တော်ရာ ပါဒခြေတော်ရာနှစ်ဆူကို ဖူးပြီးပါက ဆင်စခန်းသို့လာကာ ဆင်များစီးပြီး မန်းချောင်း တစ်လျှောက်ရှိ တောတောင်ရေမြေ သဘာဝ အလှအပတရားများကို ကြည့်ရှုခံစာရင်း မိမိတို့၏ လုပ်ငန်းခွင်များမှ ပင်ပန်းမှုများကို အတိုးချအနားယူ အပန်းဖြေနိုင်မည် ဖြစ်သည်။ ဆင်စခန်းတွင် ဆင် ၁၁ ကောင်ရှိပြီး ဆင်စီးခ နှုန်းထားများမှာ နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှင့် နိုင်ငံသား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ ဖြစ်သည်။ ယခင်နှစ်များက ရွှေစက်တော် ဘုရားဖူးကာလဖြစ်သော တပို့တွဲ လဆန်း ရက်မှ နှစ်ဆန်း ရက်နေ့အထိ သုံးလတာကာလများတွင်သာ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးသူနှင့် လာရောက် လေ့လာ လည်ပတ်သူများကြောင်း သိရသည်။

မန်းချောင်း အပန်းဖြေဆင်စခန်းတွင် ရေမီးအစုံဖြင့် တည်းခိုစရာ ဘန်ဂလိုများလည်းရှိပြီး အပန်းဖြေ လေ့လာခြင်စရာ အထင်ကရနေရာတစ်ခုဖြစ်တာကြောင့် ကြည်လင်အေးမြသော မန်းချောင်းရေကိုချိုး၍ တောတောင်ရေမြေနှင့် သဘာဝအလှအပတရားများကို ဆင်စီးပြီး လေ့လာခံစားလိုရင်ဖြင့် မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်မှ ရွှေစက်တော် မန်းချောင်း အပန်းဖြေဆင်စခန်းသည် လေ့လာလည်ပတ်စရာ ဒေသတစ်ခု ဖြစ်လာတော့မည် ဖြစ်ပေသည်။

ဇေယျာထက်(မင်းဘူး)