ရွှေကူမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ရွှေကူ     သြဂုတ်   ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား  နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ ငွေများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အခြေခံလူတန်းစား အိမ်ထောင်စု များအား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ (၂၀,၀၀၀) ကျပ်နှုန်းဖြင့် ရွှေကူမြို့နယ်အတွင်းရှိ အိမ်ထောင်စု ပေါင်း(၆၈၆၉)စုအတွက် ထောက်ပံ့ငွေ (၁၃၇,၃၈၀,၀၀၀)ကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့သည်။

အဆိုပါ အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)