စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် ကလေးခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ကလေး ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများသည် ကလေးခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများအား တွေ့ဆုံ၍ လမ်းညွှန်မှုခံယူပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ဒေသကွက်ကဲရေး စစ်ဌာနချုပ်(ကလေး) အစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းတံတား တည်ဆောက်ပြုပြင်နေမှု ဆောင်ရွက်ချက်များ၊ အခြေခံပညာ ကျောင်းများ၏ ပညာသင်ကြားနေမှု အခြေနေများ၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းဆောင်ရွက်နေမှုများ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေးစာရင်း ဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍  ကလေးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ကလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းမှ  ကလေးခရိုင်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒေသဆိုင်ရာ အခြေနေများကို ရှင်းလင်းတင်ပြပြီး  ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများမှ ဆက်လက်တင်ပြကြရာ ဝန်ကြီးချုပ်မှ ပြန်လည်ဖြည့်စွက် ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကလေးမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၀)ခုကို ဝန်ကြီးချုပ်မှ ချမ်းမြေ့အောင်စည်ရပ်ကွက် အုပ်ချုပ်ရေးမှူးအား လည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးမှ နိုင်ငံသားစိစစ်ရေး ကတ်ပြား(၆၃)ခုကို မြို့သာရပ်ကွက် အုပ်ချုပ်ရေးမှူးအား လည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်မှ နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၈၇)ခုအား ကျောင်းတိုက် ကျေးရွာ အုပ်ချုပ်ရေးမှူးအား လည်းကောင်း ပေးအပ်ခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်ဦးမြတ်ကျော်မှ ကလေးခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် ကျန်းမာရေး ဝန်ထမ်းများကို ငွေကျပ်တန်ဖိုး(၁၅)သိန်းတန်ရှိသော စားသောက်ဖွယ်ရာများအား ထောက်ပံ့ ပေးအပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ကုတင်(၃၀၀)ဆံ့ဆေးရုံအုပ်ကြီး ဒေါက်တာနေလင်းတို့မှ လက်ခံခဲ့ကြောင်း သိရသည်။

ကလေးခရိုင်(ပြန်/ဆက်)