တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စုအတွင်း “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စု(၁၉၅)စုနှင့် နိုင်ငံသားစီစစ်ရေးကတ်(၉၅၆)ခုတို့အား ကွင်းဆင်းဆောင်ရွက်ပေးခဲ့

တနင်္သာရီ ဇန်နဝါရီလ ၁၇

“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကျေးလက်နေပြည်သူများ လက်ဝယ်ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဦးစီးမှူးရုံးမှ (လဝက)မှူး ဦးတင့်နိုင် ဦးဆောင်ကြီးကြပ်သော ဝန်ထမ်းများအဖွဲ့က ဇန်နဝါရီလ (၁၁)ရက်မှ (၁၇)ရက်)အထိ (၇)ရက်တိတိ သကျက်ကျေးရွာအုပ်စု-ကျေးရွာခွဲ(၈)ရွာအတွင်း မှီတင်းနေထိုင်ကြသော ကျေးလက်နေ မိဘပြည်သူများအတွက် ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (မရှိ)သေးသူများနှင့် နိုင်ငံသားစီစစ်ရေး ကတ်(မရှိ)သေးသူများကို လုပ်ငန်းစဉ်(၄)မျိုးဖြင့် အသက်(၁၀) နှစ်ပြည့်မှစ၍ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ရရှိရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးရာ အသက်(၁၀)နှစ်ပြည့် နိုင်(၃/က) (၂၂၉)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်(၆/က) ပေါင်း(၄၉၀)ဦး၊  နိုင်(၃/ကမှနိုင်၆/က)သို့ လဲလှယ်သူ (၁၁၄)ဦးနှင့် ကတ်ပြားပျောက်ဆုံး/ပျက်စီးသဖြင့် လျှောက်ထားသူ ပေါင်း(၁၂၃)ဦး၊ သို့ပါ၍  နိုင်ငံသားကတ် အားလုံးစုစုပေါင်း(၉၅၆)ဦးနှင့် အိမ်ထောင်စုလူဦးရေးစာရင်း (၁၉၅)စုကို ကွင်းဆင်း ပြုလုပ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်(လဝက)ရုံးမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း