မြန်အောင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်

မြန်အောင် ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊မြန်အောင်မြို့နယ်တွင်၂၀၂၁-၂၀၂၂ခု၊ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက်ကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့်မြို့နယ် အတွင်းရှိကျေးရွာ(၅)ရွာတွင် ကျေးရွာတွင်းလမ်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။

ကျွန်တော်တို့  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း(VDP)ရန်ပုံငွေ ကျပ်(၁၀၀)သိန်းထောက်ပံ့ပေးပြီး ကျေးရွာ၏ အခြေခံလိုအပ်ချက်ဖြစ်‌သော ကျေးရွာတွင်း လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ ကျေးရွာလျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင် ရွက်နိုင်ရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများလျာထားဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင် က ပြောသည်။

ယခုဘဏ္ဍာရေးနှစ်တွင် မြန်အောင်မြို့နယ်အတွင်းရှိ စမ်း၊ ကွမ်းခြံကုန်း၊ ဘုရားကုန်း၊ စာနီစု၊ ဂုံမင်း ကျေးရွာ (၅)ရွာတွင်ဆောင်ရွက်လျှက်ရှိပြီး ၎င်းကျေးရွာများမှကျေးရွာ၏ လိုအပ်ချက်ဖြစ်သော ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုနိုင်ငံတော်မတည်ရန်ပုံငွေကျပ်(၁၀၀)သိန်းနှင့်ကျေးရွာသူကျေးရွာသားများမှထည့်ဝင်ငွေတို့ဖြင့်သက်ဆိုင်ရာကျေးရွာ(၅)ရွာတွင်ကျေးရွာတွင်းလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအဖြစ် ချောင်းကျောက်ခင်းခြင်းလုပ်ငန်းများအား (၁)ရက်နေ့မှ စတင်ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။

ဝင်းဗိုလ်၊ မြန်အောင်