မုံရွာ ဇန်နဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာနှင့် တာဝန်ရှိသူများလိုက်ပါလျှက် ယမန်နေ့နေ့လည်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့သို့ ရောက်ရှိရာ နန်းယွန်းမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒပါလထံ လှူဘွယ်ပစ္စည်း၊ စားသောက်ဖွယ်ရာများနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော နာဂတိုင်းရင်းသားများ၊ ဌာနဆိုင်ရာများအား တွေ့ဆုံခြင်းနှင့် ပန်းခင်းစီမံချက် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ ပြည်ထောင်စုဖွားတိုင်းရင်းသားများ၏ ရိုးရာဓလေ့နှင့် အထိမ်းအမှတ်ပွဲများအပေါ် အလေးအနက်ထားမှု အခြေအနေများကို ပြောကြားခဲ့သည်။
ဆက်လက်၍ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း က ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် က ဒေသခံနာဂတိုင်းရင်းသားများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပြီး “ပန်းခင်း”စီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြသော နန်းယွန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများထံ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြင့်ငွေ (၅)သိန်းအား လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၊ လဟယ်မြို့၊ လေရှီးမြို့နယ်များအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆန်(၅၀၀)အိတ်နှင့် ဆိုလာမီး (၂၀၀)စုံတို့အား နာဂဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း ထံ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး က လုံခြုံရေးရဲတပ်ဖွဲ့များအား ငွေကျပ်(၅)သိန်းအား လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း က နန်းယွန်းမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ် (၅)သိန်းအား လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများနှင့် Vounteer များအတွက် ငွေကျပ်(၅)သိန်းအား လည်းကောင်း၊ လူမူရေးဝန်ကြီး ဦးအေးလိူင် က လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးအပ်သည့် လဟယ်မြို့နယ်ရှိ ကျေးရွာ(၃)ရွာမှ အိမ်ထောင်စု (၂၀၂)စု၊ လူဦးရေ(၁၃၉၂) ဦးတို့အတွက် (၁)လစာ ဆန်ရိက္ခာဖိုး ငွေကျပ် - ၁၂၅၂၈၀၀၀ (တစ်ရာနှစ်ဆယ့်ငါးသိန်းရှစ်ထောင်)အား လည်းကောင်း တာဝန်ရှိသူများထံ အသီးသီး ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးဦး က နန်းယွန်း၊ လေရှီးနှင့် လဟယ်မြို့နယ်များအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပေးအပ်သည့် ဆိုလာမီး (၁၀၀)စုံနှင့် ငွေကျပ်သိန်း (၁၀၀)တို့အား တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး ဒေသခံ နာဂတိုင်းရင်းသူလေးများက ရိုးရာအကဖြင့် ကပြတင်ဆက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အကအဖွဲ့အား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံနာဂတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့သည်။
နန်းယွန်းမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန အနေဖြင့် “ ပန်းခင်း ” စီမံချက်အား ၂၀၂၁- ခုနှစ်၊ ဧပြီလမှစတင်၍ ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ (၁၄)နေ့အထိ (၉)လကျော် အတွင်း အသက်ပြည့်မီလာသူများကိုပါ ဆောင်ရွက်ပေးခဲ့၍ သက်မှတ်လျာထားချက်ထက် ကျော်လွန်ကာ (၁၄၃)ရာခိုင်နှုန်းထိ ပြီးစီးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်ပြီး တိုင်းသေကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် နန်းယွန်းမြို့၊ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် အသက်- ၁၂ နှစ်အထက် ဒေသခံကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေခဲ့ပြီး အဆိုပါဆေးရုံဝန်းအတွင်း အောက်ဆီဂျင်စက်ရုံ ထုတ်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နန်းယွန်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသာ ဒေသခံနာဂတိုင်းရင်းသားများအား စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ဆေးရုံတွင်တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်၊ သူနာပြုများနှင့် ဝန်ထမ်းအတွက် စားသောက်ဖွယ်ရာများနှင့် ငွေကျပ် (၅)သိန်းတို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)