ထန်းတပင်မြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ထန်းတပင်(ပဲခူး) ဇန်နဝါရီ ၁၇

အနာဂတ် ကလေးငယ်များအား စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အတတ်ပညာ အသိပညာများ ပြည့်စုံလာစေရန် ရည်ရွယ်၍ တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ်(၂) နာရီအချိန် က မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကဗျာ ရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပခဲ့သည်။

အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သဇင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အမှတ်ပေး စည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကဗျာပြိုင်ပွဲနှင့် ပုံပြင် ပြောပြိုင်ပွဲအား မူလတန်းအဆင့်၊ အလယ်တန်း အဆင့် ကျောင်းသား/ကျောင်းသူ (၂၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ယင်းနောက်  ဆုပေးပွဲ   အခမ်းအနားကို  ကျင်းပရာ အကောင်းဆုံး (၃)ဦးအား (ပထမ၊ ဒုတိယ၊ တတိယ) ဆုများနှင့် ဝင်ရောက်ယှဉ်ပြိုင်ကြသူအားလုံးကို အမှတ်တရလက်ဆောင် ပစ္စည်းများ  ပေးအပ်ခြင်းတို့ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သဇင်နှင့်  တာဝန်ရှိသူများကဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် မျိုးဆက်သစ် လူငယ်လေးများ အသိပညာဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင် များ ငှားရမ်းပေးခြင်းအပြင် ပန်းချီပြိင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ စသည့်အစီအစဉ်များအား ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)