ဘားအံ ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလှယ်ကျေးရွာအုပ်စု၊ သံလှယ်လျှပ်စစ်မြစ်ရေတင်၏ အကျိုးပြု ဧရိယာအတွင်း နွေစပါးကို အပြည့်အဝစိုက်ပျိုးလုပ်ကိုင်နိုင်စေရေး တောင်သူများအား တွန်းအားပေးစည်းရုံးသောအားဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီခွဲခန့်က အဆိုပါဧရိယာ ရှိ ရက်(၉၀)စပါးမျိုး (RS-CS)မျိုးစေ့ထုတ်စိုက်ခင်း(၅) ဧက၌ ကျင်းပသည်။
ထိုကွင်းသရုပ်ပြပွဲသို့ သံလှယ်၊ ကော့သင်း၊ ကော့လမု၊ ဂျိုင်း၊ ကျားကလေး၊ တံတားဦး၊ ကျုံစောင့်၊ ခရဲကမ်းနား ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ဒေသသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ဒေသ ဖြစ်သည့်အတွက် လယ်ယာမြေများကို အကျိုးရှိရှိ အသုံးချနိုင်ဖို့အရေးကြီးပါကြောင်း၊ ယခုသရုပ်ပြသည့်ကောက်စိုက်စက်သည် လယ်တစ်ဧကကို ကြာချိန်တစ်နာရီအတွင်း ကုန်ကျစရိတ် နှစ်သောင်းခွဲဖြင့် စိုက်ပျိုးနိုင်မည်ဖြစ်သည့်အတွက် လုပ်သားရှားပါးမှု အခက်အခဲကိုကျော်လွှားနိုင် မည်ဖြစ်ပြီး အချိန်နှင့်ငွေကုန်ကြေးကျသက်သာစေကာ အကျိုးအမြတ်ပိုမိုရရှိလာနိုင်မည်ဖြစ် ကြောင်း၊ လူဦးရေ တိုးလာသော်လည်း စိုက်ဧကများတိုးလာခြင်းမရှိသည့်အတွက် စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးအတွက် မိမိတို့လယ်ယာမြေများကို အနားမပေးဘဲ မြေကြီးမှရွှေသီးအောင် စိုက်ပျိုးလုပ်ကိုင်ကြဖို့လိုကြောင်း၊ လယ်ယာလုပ်သားရှားပါးလာခြင်းနှင့် သီးထပ်၊ သီးညှပ်များ စိုက်ပျိုးလုပ်ကိုင်ကြရာတွင် အလျဉ်မီစေရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းဖို့လိုအပ်လာကြောင်း၊ မျိုးစပါး၊ သွင်းအားစု၊ စိုက်နည်းစနစ်၊ လုပ်အားလိုအပ်ချက်များ ကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဇော်ဝမ်းက ကွင်းသရုပ်ပြပွဲဆောင်ရွက်ရခြင်း နှင့်မျိုးစေ့ ထုတ်စိုက်ခင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က သံလှယ်လျှပ်စစ် မြစ်ရေတင်အကျိုးပြုဧရိယာအတွင်း နွေစပါးဧက(၆၀၀)၊ အခြားသီးနှံ(၂၀၂)ဧက စုစုပေါင်း(၈၀၂)ဧက ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တောင်သူများအားမျိုးစပါးများ ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး တောင်သူများနှင့် အတူပျိုးဖျာလိပ်စနစ်ဖြင့်ပျိုးထောင်ထားသော ပျိုးလိပ်များအား ကူဘိုတာခြောက်တန်းသွားကောက်စိုက်စက် နှစ်စီးဖြင့် ကောက်စိုက်သရုပ်ပြခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးစိုက် တောင်သူများအတွက် ယူရီယားဓါတ်မြေဩဇာနှင့် ပြည်သူ့ဓနကုမ္ပဏီလိမိတက်မှ မြေပြုပြင်အထွက်တိုး ဂျစ်(ပ်)ဆမ် သဘာဝကျောက်မုန့်မြေဩဇာတို့ကို ဈေးနှုန်းချိုသာစွာဖြင့် ရွေ့လျားရောင်းချပေးခဲ့ရာ တောင်သူများမှကြည့်ရှု လေ့လာဝယ်ယူခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝင်များသည် ကျုံဖဲကျေးရွာ ရွှေကျင်တောရသရက်ကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တယသအား ထေရဝါသကျောင်းဆောင်၌ သွားရောက်ဖူးမြော်ကြည်ညိုပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် သာသနာတော်ဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူ တော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)