မင်းဘူး ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မန်းရွှေစက်တော် ဘုရားဂေါပက အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ် ရေးမှူး ဦးထွန်းထွန်းဝင်းက မန်းရွှေစက် ဘုရားပွဲတော်ကြီးကို အစဉ်အလာမပျက် ဖွင့်လှစ်ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး တင့်ကျော်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်ဦးကျော်တို့က ပွဲတော်ကျင်းပစဉ် ကာလအတွင်း ဘုရားမိဘ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက် ဖူးမြော်နိုင်ရေးအတွက် လုံခြုံးရေးကိစ္စရပ်များ စနစ်တကျ ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသော အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ဘုရားဂေါပကအဖွဲ့ဝင်များက မန်းရွှေစက်တော်ဘုရား ဩဝါဒဆရာတော်ကြီးများနှင့် တာဝန်ရှိသူများက အထက်စက်တော်ရာ ခြေတော်ရာသံတံခါးနှင့် အောက်ခြေတော်ရာ ဖန်အုပ်စောင်းကို ဖွင့်လှစ်သွားမည့် အစီအစဉ်များ၊ မိမိတို့ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဆောင်ရွက် ထားရှိမှုအခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြရာ တင်ပြမှုများအပေါ် မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် (တပို့တွဲလဆန်း ၅ ရက်)နေ့တွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ဘုရားဖူးလာရောက်သူများကို ရွှေစက်တော်အဝင် လှေတင်တံတားထိပ်တွင် ကျန်းမာရေး စစ်ဆေးမှုအနေဖြင့် ကိုယ်အပူအချိန်တိုင်းတာခြင်းနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားသော အထောက်အထား စစ်ဆေးမှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများက နေ့စဉ်အလှည့်ကြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘုရားပွဲတော် ကာလမှာနှစ်စဉ် တပို့တွဲလဆန်း ၅ ရက် နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)