ဆိပ်ဖြူမြို့နယ်တွင် အချိန်အခါမဲ့ မိုးရွာသွန်းခဲ့ခြင်းကြောင့် ဆောင်းသီးနှံ ကြက်သွန်နီ စိုက်ပျိုးတောင်သူများ သီးနှံပျက်စီးထိခိုက်မှု မရှိစေရန် သီးနှံရောဂါကွယ်ဆေးဖြန်းခြင်း ဆောင်ရွက်

ဆိပ်ဖြူ ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ဇန်နဝါရီလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ အချိန်အခါမဲ့ မိုးရွာသွန်းခြင်း မိုးအုံ့ခြင်းနှင့် နှင်းခါး ကျခြင်းတို့ ဖြစ်ပေါ်သည့်အတွက် ဆောင်းသီးနှံ ကြက်သွန်နီစိုက်ခင်းများ ထိခိုက်ခြင်း၊ ပျက်စီးခြင်း မရှိစေရန် သီးနှံရောဂါကာကွယ်ဆေးများ ဖြန်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်သည် ဆောင်းသီးနှံကို ပဲမျိုးစုံနှင့် ကြက်သွန်နီကို အဓိကထားစိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပြီး တောင်သူများအနေဖြင့် ကြက်သွန်နီ စိုက်ပျိုးမှု အောင်မြင်ရေး အထွက်နှုန်း မြင့်မားရေးအတွက် စနစ်တကျ စိုက်ပျိုးခြင်း၊ သွင်းအားစုများဖြစ်သည့် သဘာ၀မြေဩဇာ ဓာတုဆေးမြေဩဇာ၊ အပင်အားဆေးနှင့် သီးနှံရောဂါ ကာကွယ်ဆေးများကို ဒေသရာသီဥတု အပေါ်မူတည်၍ စနစ်တကျ သုံးစွဲစိုက်ပျိုးကြရာ ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိသည်။

ဇန်နဝါရီလ လယ်ပိုင်းတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် ကြောင့်အချိန်အခါမဲ့ မိုးအုံ့ခြင်း၊ မိုးအနည်းငယ်ရွာသွန်းခြင်း ဖြစ်ပေါ်ပြီး နံနက်ပိုင်းအချိန်တွင် နှင်းခါးကျခြင်းများ ဖြစ်ပေါ်နေသည့်အတွက် ကြက်သွန်နီစိုက်ခင်းများ အစိုဓာတ်များပြီး စိုက်ပျိုးသီးနှံ မှိုရောဂါကျ၍ ရွက်ဝါကျခြင်းတို့ကြောင့် သီးနှံ ပျက်စီးမှုနှင့် ထွက်နှုန်းလျော့ကျခြင်းမှ ကာကွယ်နိုင်ရန်  မှိုရောဂါ ကာကွယ်ဆေးများ ဖြန်းပက်နေကြောင်း၊ ကြက်သွန်နီ တစ်ဧကကို ယခုလို မိုးအုံ့ မိုးရွာပြီးလျှင် စိုက်ပျိုးပြီးသည့်ရက် အချိန် အနေအထားလိုက်၍ မှိုရောဂါကာကွယ်ဆေးကို ရေနှင့်ရောစပ်ပြီး ()ဂါလံဆန့်ဆေးဖြန်းပုံးဖြင့် ()ပုံးမှ (၁၀)ပုံးခန့်ထိ နေရောင်ခြည်ရရှိချိန်၌ ပက်ဖြန်းပေးရကြောင်း၊ တစ်ဧက စိုက်ခင်းလျှင် ဆေးဖိုးနှင့် ဆေးဖြန်းလုပ်အားခ နှစ်သောင်းခွဲ ကျပ်ခန့် ကုန်ကျကြောင်း ကြက်သွန်နီ စိုက်ပျိုးတောင်သူများထံမှ သိရသည်။

ဆိပ်ဖြူ ကြက်သွန်နီကုန်စည်ဈေးကွက်တွင် ကြက်သွန်နီဥစိုက်ဥများ အဝင်များပြီး လက်ရှိ ပေါက်ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး ၅၇၀ ကျပ် နှင့် အနိမ့်ဆုံးဈေး ၂၅၀ ကျပ်ဝန်းကျင်တွင်ရှိကြောင်း ယခင်တစ်ပတ်ဈေးနှုန်ထက် အနည်းငယ်ကြက်သွန်နီဈေးနှုန်း လျော့ကျလျက်ရှိကြောင်း၊ ကြက်သွန်နီကို ပြည်တွင်းတင်ပို့ရောင်းချမှုအနေဖြင့် ရန်ကုန်မြို့နှင့် မြဝတီမြို့များသို့ အများဆုံးတင်ပို့ ရောင်းချလျက်ရှိပြီး  ယခင်နှစ်ကုန်ပိုင်းကာလတွင် စစ်တွေမြို့ မှတစ်ဆင့် ပြည်ပတင်ပို့မှု ဆောင်ရွက်ခဲ့ရကြောင်း ကြက်သွန်နီ ရောင်းဝယ်တင်ပို့သူများ ထံမှ သိရသည်။

ကိုဇွဲ(အညာမြေ)