ကျောက်ကြီး ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေး ဆိုင်ရာအချက်များကို ယနေ့နံနက်ပိုင်းက ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုများအပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်း တို့၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက် ပျံ့နှံ့မှုရက်ပိုင်း အတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံတစ်ခုဆီသို့ ရောက်ရှိလာပြီဖြစ်ရာ မိမိတို့နိုင်ငံနှင့် နီးကပ်လာလျက် ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ကို ဆက်လက်ကာကွယ် တားဆီးနိုင်ရေးသ တိပြုကြရမည် ဖြစ်သော်လည်း ကြောက်စရာမဟုတ်ပါကြောင်း၊ မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားလာခြင်း၊ ပြင်ပထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦးခြောက်ပေအကွာ နေထိုင်ခြင်းစသည့် စည်းမျဉ်းစည်းကမ်းများအား ဆက်လက် လိုက်နာ ကျင့်သုံး သွားကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်းသိရသည်။