စစ်ကိုင်း ဇန်နဝါရီ ၁၇
စစ်ကိုင်းခရိုင်ကတွင်း သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့တော်ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးတိုးဝေက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ခရိုင်မီးသတ် ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူးက မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးပေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် သက်ဆိုင်ရာ ဌာနဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အသီးသီးတို့က သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ သတင်း ထုတ်ပြန်နိုင်ရေး၊ ဆက်သွယ်မှု ပြတ်တောက်မှု မရှိစေရေး၊ ပျက်စီးပမာဏနှင့် အရေးပေါ်ထောက်ပံ့ ပေးနိုင်ရေး၊ ဆုံးရှုံးမှုအတည်ပြုရေး၊ ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်/ ရောက်ရှိရေး၊ အမိုးအကာ ထူထောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရေး၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး တို့ကို အသီးသီး ဆွေးနွေးပေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်