ကျုံပျော် ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနက (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်အတွက် မြို့နယ်အတွင်း ရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၁၂၆၁)ဦးကို လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံ ပေးအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့မှုကို သက်ကြီးဘိုးဘွားများ နေထိုင်စားသောက်မှု ပိုမိုအဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရမှ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းများ ပူးပေါင်းကာ ဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း၊ ယခင်နှစ်က ဘိုးဘွား (၁၂၄၁)ဦးကို ထောက်ပံ့နိုင်ခဲ့ပြီး၊ ယခုနှစ်တွင် ဘိုးဘွား (၁၂၆၁)ဦးအတွက် စုစုပေါင်း ငွေကျပ် (၃၇၈)သိန်း (၃)သောင်းကျပ် ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ထောက်ပံ့မှုရရှိခြင်းကို ဘိုးဘွားများနှင့် မိသားစုဝင်များပါ ဝမ်းသာလျက်ရှိကြကြောင်း ၊ ဘိုးဘွားတစ်ဦးလျှင် တစ်လ ကျပ် (၁၀၀၀၀)နှုန်းဖြင့် ၃ လစာအတွက် ကျပ် (၃၀၀၀၀)ကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
လပြည့်ဦး