မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

မြောင်းမြ    ဇန်နဝါရီ    ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပူးပေါင်း၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီက အ.ထ.က(၆)၊ စစ်တောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြောင်းမြမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးမြင့်စိုးက ကျောင်းသား၊ လူငယ်များအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။ ထိုသို့ဟောပြောရာတွင် မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲရသည့် အကြောင်းအရင်းများ၊ ခံစားရသည့်ရောဂါများ၊ မူးယစ်ဆေးသုံးစွဲသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ၊ ဆေးလိပ်နှင့်အရက် ဆိုးကျိုးများနှင့် မူးယစ်ဆေးသည် အန္တရာယ်အလွန်များပြီး စွဲလန်းစေသည့်အတွက် ကျောင်းသားလူငယ်များအနေဖြင့် စမ်းသပ်သုံးစွဲခြင်း မပြုသင့်ကြောင်း၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအတွက် ပြည်သူအားလုံး ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။

အခြေခံပညာကျောင်းများ၏ ဘဝအတွက်တာကျွမ်းကျင်စရာ စာသင်ချိန်တွင်လည်း မူးယစ် ဆေးဝါးအန္တရာယ် အသိပညာပေးဆိုင်ရာ သင်ခန်းစာများကိုလည်း ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်းနှင့် အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။

စန္ဒာကြည်