ပခုက္ကူ ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းဦးကျေးရွာတွင် တစ်ပိုင်တစ်နိုင် ဂန္ဓမာပန်း စိုက်ပျိုးသူများ နှစ်စဉ်မိသားစု အပိုဝင်ငွေရရှိကြကြောင်းသိရသည်။
ဂန္ဓမာရောင်စုံပန်း တစ်ဧကစိုက်ပျိုးထားပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှစတင်ကာ မျိုးစေ့ချ ပျိုးထောင် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်နှစ်က စိုက်ပျိုးထွက်ရှိသည့် ဂန္ဓမာပန်းမျိုးများ ဖြစ်ပြီး မျိုးစေ့ချပျိုးပင်ပေါင်း(၅၀၀၀၀)ကို ပြန်လည်စိုက်ပျိုး ထားကြောင်း၊ ဂန္ဓမာပန်းပင်များ သည် မြေပွပြီးသဲနုဆန်သည့် မြေဆီလွှာကို ပိုမိုနှစ်သက်ကာ အထွက်နှုန်း ကောင်းမွန်ကြောင်း၊ လက်ရှိအချိန်တွင် ပျိုးပင်တစ်ပင်ကို ငွေကျပ် ၁၃ ကျပ်ပေးရပြီး စိုက်ပျိုးထားသော ပျိုးပင်များကို ပေါင်းနုတ်၊ မြေဩဇာကျွေးခြင်း၊ နေ့စဉ်ရေလောင်းပေးခြင်း ပန်းပင်များ ဖူးပွင့်စအချိန်တွင် အပွင့်များ ပိုးမကိုက်စေရန် ပိုးကောင်လေးများ ဖမ်းယူရှင်းလင်းပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဂရုတစိုက်ဆောင်ရွက်ပေးရကြောင်း၊ စိုက်ပျိုးပြီးချိန် သုံလခန့်အကြာတွင် စတင်ခူးဆွတ် ရောင်းရပြီး လက်လီလက်ကားစနစ်ဖြင့် ဂန္ဓမာပန်းတစ်စည်းကို ငွေကျပ် ၂၀၀ ကျပ်နှင့် ၃၀၀ ကျပ်အကြား ရောင်းချရကြောင်း၊ ဂန္ဓမာပန်းကိုနှစ်စဉ် တစ်ဧကစိုက်ပျိုးလျက်ရှိပြီး ယခင်နှစ်တွင် ငွေကျပ် ခြောက်သိန်းခန့်ရင်းနှီးရာ အမြတ်ငွေ သုံးသိန်းရရှိခဲ့ ကြောင်း၊ ယခုနှစ်တွင် ပန်းဈေးကွက်ကောင်းသောကြောင့် ပန်းစိုက်ခင်းတစ်ဧကအတွက် ရင်းနှီးကုန်ကျငွေ (၁၃)သိန်းကျော် အထိရှိလာပြီး အမြတ်ငွေလည်း ခြောက်သိန်းခန့် ပိုမိုရရှိမည်ဟု ယုံကြည်ကြောင်း ပန်းစိုက်တောင်သူ ဒေါ်ချောစုဝေက ပြောပြ သည်။
ယခုနှစ်တွင် ပန်းများအထွက်နှုန်း ကောင်းမွန်သည့်အပြင် ဈေးကွက်လည်းကောင်းသောကြောင့် ပန်းစိုက်တောင်သူများ အနေဖြင့် မိသားစုအပိုဝင်ငွေရရှိကာ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)