မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာဖတ်ဝိုင်းကျင်းပ

မြောင်းမြ  ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေကိုချစ်မြတ်နိုးပြီး စာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ဗဟုသုတအတွေးအမြင်များ အပြန်အလှန် ရရှိစေရန်၊ ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်တတ်သော အတွေးအခေါ်များ ရရှိလာစေရန်နှင့် စာအုပ်စာပေ ချစ်မြတ်နိုးစိတ်များ ဖြစ်ပေါ်လာစေပြီး စာဖတ်ရှိန် မြင့်မားလာစေရန်အတွက် ရည်ရွယ်၍ Book Club အဖွဲ့နှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်း (၁၀)နာရီအချိန်က  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များက စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသည့် "နှလုံးသားကို ဖြူစင်အောင်ထားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ယခုလို စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး စာအုပ်ပါအကြောင်းအရာများကို စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နာယက ဦးခင်စိုးက ဦးဆောင်ဆွေးနွေးပြီးနောက် ကျန် Book Club အဖွဲ့ဝင်တို့က တစ်ဦးချင်း ပါဝင်ဆွေးနွေးပြီး မိမိတို့၏ တွေးခေါ်ယူဆမှုများအား တစ်ဦးနှင့်တစ်ဦး အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်ရူပါအေး