ချောင်းသာ ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့နံနက် (၁၁)နာရီက စာပေချစ်မြတ်နိုးသူ (Women Club) အသင်းအဖွဲ့ဝင်များစုပေါင်း၍ စာရေးဆရာ မောင်မောင်ညွန့်လှိုင် ရေးသားသည့် “ကျွန်မစာတတ်ချင်သည်”နှင့် အခြားဝတ္ထုတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ချောင်းသာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းကျော်ကျော် က စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့် “ကျွန်မစာတတ်ချင်သည်” ခေါင်းစဉ်အကြောင်းအရာတွင် စာရေးသူ၏ ဇာတ်ကောင်အမျိုးသမီးသည် တစ်ရွာတည်းနေ အမျိုးသားနှင့် အိမ်ထောင်ကြပြီး “အသုံးလုံး” လာရောက်သင်စဉ်က စာမသင်ခဲ့ရပုံ၊ သားသမီး ခြောက်ယောက်ကို သေစာရှင်စာ ရေးတတ်၊ ဖတ်တတ်ရုံသာ သင်ကြားပေးခဲ့ပုံ၊ စာရေးသူ ဇာတ်ကောင် နေထိုင်ရာကျေးရွာတွင် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပတဲ့တစ်နေ့မှာ ရွာရှိလူကုန် တက်ရောက်လာကြပုံ၊ ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီးချိန်တွင် သူတကာ လက်ခုပ်တီးတာတွေ့လို့ ဟိုကြည့် ဒီကြည့်ကြည့်ပြီး လက်ခုပ်လိုက်တီးခဲ့ရပုံ၊ အခမ်းအနား မှာ ခမ်းနားထည်ဝါစွာ ပိတ်စိမ်းစပေါ်မှာ စာလုံးအဖြူနဲ့ ရေးသားထားတဲ့ စာလုံးကြီးတွေကို စာမတတ်လို့ မည်သည့် အကြောင်းအရာ ရေးထားသည်ကိုမသိ၍ ရင်ထဲ၊ ဝမ်းထဲ ဆို့ဆို့နစ်နစ် မျက်ရည်ကျဝမ်းနည်းခဲ့ရပုံ၊ စာတတ်ပါက ပိတ်စိမ်းစပေါ်က ကျောင်းဆောင်သစ်ဖွင့်ပွဲ အစရှိတဲ့ စာလုံးတွေကို အနားမှာရှိတဲ့ သူငယ်ချင်းကို ကြွားကြွားဝံ့ဝံ့ အသံထွက်ပြီး ဖတ်ပြလိုက်ချင်တယ်ဆိုတဲ့ စာသူရေးသူမှ သူ၏ဇာတ်ကောင် စာတတ်ချင်သည့်အကြောင်း ပေါ်လွင်စွာရေးသားထားသည်များကို ဦးဆောင်ဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူ (Women Club)အဖွဲ့ဝင် စာပေဝါသနာရှင်များက "ကျွန်မစာတတ်ချင်သည်" ခေါင်းစဉ်ပါအကြောင်းအရာမှ ကျောင်းဆောင်သစ် အလှူရှင်များ၏ လှူဒါန်းဆောက် လုပ်ဖြစ်ခဲ့သည့်ကြောင်း၊ ကျေးရွာနေပြည်သူများအပေါ် စေတနာအပြည့် ဆောင်ရွက်ပေးခဲ့ပုံနှင့် စာတတ်ချင်သောစိတ် ဖြစ်ပေါ်လာစေသည့် အတွေးအမြင်များကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်၊ လူရွယ်များ စာဖတ်သည့် အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာ ဗဟုသုတများဖြင့် အများပြည်သူများအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းများ၊ အသိပညာ ပေး ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကျော်ကျော်