ဘုတလင် ဩဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်စီမံခန့်ခွဲမှု ကော်မတီရုံး၊ မဟာ ဗန္ဓုလအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်က အမှာစကား ပြောကြားပြီး အတွင်းရေးမှူး ဒေါ်သီတာစိန်က ဘုတလင်မြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ ကလေးသူငယ်အမှု(၄)မှု ဖြစ်ပွားခဲ့မှုအခြေအနေ၊ မိခင်ဝိုင်းများ၊ မူကြိုကျောင်းများ ဖွင့်လှစ်ထားရှိမှု၊ ကိုဗစ်ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ပေးမည့် ငွေဗိုက်အစီအစဉ်နှင့် Ngwe Bike Application ဖြင့် လျှောက်ထားမှုအဆင့်ဆင့်တို့ကို ရှင်းလင်းဆွေးနွေး ခဲ့သည်။
ထို့နောက် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ထိုက်စုကြည်နှင့် မြို့နယ် ကော်မတီဝင်များက လူငယ်ပရဟိတဂေဟာနှင့် မူကြိုကျောင်းများ ဖွင့်လှစ်နိုင်ရန်အတွက် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်ပေးနိုင်ရေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ပေးမည့် ငွေဗိုက်အစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန် သိရှိစေနိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)