ကန်ကြီးထောင့် ဇန်နဝါရီ ၁၇
မေး။ အရင်ဦးဆုံး ညီမလေးရဲ့အမည်၊ မိသားစုဝင်ဦးရေ၊ နေရပ်၊ ပညာအရည်အချင်းနဲ့ အသက်ကို မိတ်ဆက်ပေးပါအုံး
ဖြေ။ ကျွန်မနာမည်ကတော့ နီလာဝင်းဖြစ်ပါတယ်ရှင်၊ မိသားစု ၆ ယောက်ရှိပြီး အဖေရယ် အမေရယ်၊ အစ်ကိုနှစ်ယောက်ရယ်၊ ကျွန်မရယ်၊ ကျွန်မအောက်မှာ မောင်လေးတစ်ယောက်ရယ် ရှိပါတယ်ရှင်၊ နေရပ်ကတော့ အထက်တံခွန်တိုင်ကျေးရွာ၊ ကန်ကြီးထောင့်မြို့နယ် ဖြစ်ပါတယ်ရှင်၊ ပညာအရည်အချင်းကတော့ B.A(Geography) အပြင်စီးပွားရေးတက္ကသိုလ်ကနေ ဘွဲ့လွန် ၂ ခု ရရှိထားပါတယ်၊ အဲ့ဒါတွေကတော့ Diploma In Management နဲ့ Development Studies တို့ဖြစ်ပါတယ်ရှင်၊ ကျွန်မအသက်ကတော့ ၃၃ နှစ် ဖြစ်ပါတယ်ရှင်။
မေး။ ညီမအနေနဲ့ အားကစားလောကထဲကို စတင်ဝင်ရောက်ဖြစ်ခဲ့တဲ့အချိန်ကိုလည်း သိပါရစေ။
ဖြေ။ အားကစားလောကထဲကို စတင်ဝင်ရောက်ဖြစ်တာကတော့ ဘောလုံးအားကစားနည်းနဲ့ပါ၊ (၂၀၀၅-၂၀၀၆) ခုနှစ်လောက်ကပေါ့၊ အဲ့ဒီကနေ ပုသိမ်ခရိုင်မှာပြုလုပ်တဲ့ တိုင်းနဲ့ပြည်နယ် လှေလှော်ပြိုင်ပွဲကျင်းပတော့ ဝင်ရောက်အရွေးခံခဲ့ပြီး လှေလှော်အားကစားနည်းလောကထဲ စတင်ဝင်ရောက်ဖြစ်တာပါ၊ (၂၀၀၆)ခုနှစ်လောက်ကပါ။
မေး။ ညီမအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေကိုလည်း သိပါရစေ။
ဖြေ။ ဝင်ရောက်ယှဉ်ပြိုင်ဖူးခဲ့တဲ့ ပြိုင်ပွဲတွေကတော့ ၂၀၀၇ ခုနှစ်က ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ ၂၃ ကြိမ်မြောက် ဆီးဂိမ်းမှာစပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်၊ ၂၀၀၉ ခုနှစ်မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ဆီးဂိမ်းမှာတော့ လှေလှော်ပြိုင်ပွဲကို ထည့်သွင်းကျင်းပခဲ့ခြင်း မရှိတာကြောင့် ပြိုင်လို့မရခဲ့ဘူး၊ ၂၀၁၁ ခုနှစ်မှာ ကျင်းပတဲ့ အင်ဒိုနီးရှားဆီးဂိမ်း၊ ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ဆီးဂိမ်း၊ ၂၀၁၅ ခုနှစ်မှာ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ဆီးဂိမ်း၊ ၂၀၁၇ ခုနှစ်မှာ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲမှာလည်း လှေလှော်ပြိုင်ပွဲကို ထည့်သွင်းကျင်းပခဲ့ခြင်း မရှိခဲ့ပြန်တာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့ပြန်ပါဘူး၊ ၂၀၁၈ ခုနှစ်မှာတော့ အင်ဒိုနီးရှားနိုင်ငံမှာပြုလုပ်တဲ့ အာရှဂိမ်း ဝင်ပြိုင်ခဲ့တယ်၊ ၂၀၁၉ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံမှာကျင်းပတဲ့ ဆီးဂိမ်းမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်၊ University Game တွေလည်း ပြိုင်ခဲ့တယ်၊ မလေးရှားနိုင်ငံမှာ ပြုလုပ်တဲ့ပွဲ ဖိတ်ခေါ်ပြိုင်ပွဲတွေကတော့ အတော်များများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
မေး။ ညီမအနေနဲ့ ပြိုင်ပွဲအသီးသီးမှာ ဆုရရှိခဲ့မှုအခြေအနေလေးလည်း သိပါရစေ။
ဖြေ။ ကျွန်မအနေနဲ့ ၂၀၁၀ ခုနှစ်မှာ စင်္ကာပူနိုင်ငံမှာကျင်းပတဲ့စ င်္ကာပူချန်ပီယံရှစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၁ ခု၊ မြန်မာနိုင်ငံမှာကျင်းပတဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းမှာ ရွှေတံဆိပ် ၁ ခုနဲ့ ငွေတံဆိပ် ၁ ခု၊ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ ၂၈ ကြိမ်မြောက် ဆီးဂိမ်းမှာ ငွေတံဆိပ် ၂ ခု၊ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေမှာ မလေးရှားနိုင်ငံမှာကျင်းပတဲ့ Versity Boat Race မှာ ရွှေတံဆိပ် ၁ ခုစီ၊ ၂၀၁၇ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံမှာကျင်းပတဲ့ ဗီယက်နမ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၁ ခု၊ ၂၀၁၃ ခုနှစ်မှာ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ အာရှချန်ပီယံရှစ်မှာ ငွေတံဆိပ် ၁ ခု၊ ၂၀၁၉ ခုနှစ်မှာ ထိုင်းနိုင်ငံမှာကျင်းပပြုလုပ်တဲ့ ၉ ကြိမ်မြောက် အာရှချန်ပီယံရှစ်ပြိုင်ပွဲမှာဆိုရင် ကြေးတံဆိပ် ၂ ခုနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ ၃၀ ကြိမ်မြောက် ဆီးဂိမ်းမှာလည်း ကြေးတံဆိပ် ၂ ခု ထပ်မံရရှိခဲ့ပါတယ်။
မေး။ ညီမအနေနဲ့ နိုင်ငံ့လက်ရွေးစင်တစ်ယောက် ဖြစ်လာဖို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရတဲ့ အခက်အခဲတွေကို ညီမအနေနဲ့ ဘယ်လိုကျော်ဖြတ်ခဲ့ရလဲ၊ ကိုယ့်ရဲ့ပြိုင်ဘက်က ဘယ်နိုင်ငံတွေ ဖြစ်မလဲ။
ဖြေ။ ကျွန်မယှဉ်ပြိုင်ရတာက အပြည်ပြည်ဆိုင်ရာလှေ (Rowing)ဖြစ်တဲ့အတွက် နည်းစနစ်ပိုင်းမှာ အတော်များများကို ခက်ခက်ခဲခဲ ကြိုးစားလေ့လာခဲ့ရတယ်၊ ကျွန်မတို့ အားကစားနည်းက တစ်ယောက်လှော်၊ နှစ်ယောက်လှော်၊ လေးယောက်လှော်၊ ရှစ်ယောက်လှော်အထိရှိပြီး နောက်ပြန်လှော်ရတဲ့ အားကစားနည်းပေါ့၊ ဝိတ်တန်း သတ်မှတ်ချက်ထားတဲ့ပွဲလည်းပါသလို ဝိတ်အလွတ်တန်း လည်းပါတယ်၊ ကျွန်မက ဝိတ်တန်းသတ်မှတ်ချက်နဲ့ ကစားရတာများတယ်၊ ဆီးဂိမ်းနီးရင် ဝိတ်ချရတဲ့အလုပ်ကလည်း အတော်လေးကို ခက်ခဲပင်ပန်းလွန်းတယ်၊ အသီးအရွက်နဲ့ ရေလုံပြုတ်တွေနဲ့ ဘဲစားရတယ်၊ အားဆေးလေးသောက်ပြီးတော့ ထိန်းရတာပေါ့၊ အဓိကပြိုင်ဖက်တွေကတော့ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့ဘဲ ဖြစ်ပါတယ်။
မေး။ လက်ရှိဆောင်ရွက်နေတဲ့ အားကစားကဏ္ဍနဲ့ ယှဉ်ပြိုင်ရမဲ့ ပြိုင်ပွဲအကြောင်းတွေကိုလည်း သိပါရစေ။
ဖြေ။ အခုလက်ရှိကတော့ ဗီယက်နမ်နိုင်ငံမှာ ကျင်းပမဲ့ဆီးဂိမ်းအတွက် ကျွန်မပြင်ဆင်လေ့ကျင့်နေတာပါ၊ မေလလယ်မှာ ကျင်းပမှာဖြစ်ပါတယ်၊ ယှဉ်ပြိုင်ရမဲ့ပွဲတွေကတော့ (W2X) နှစ်ယောက်လှော်လှေနဲ့ (W2-)နှစ်တက်လှော် တို့ဘဲ ဖြစ်ပါတယ်။
မေး။ ညီမအနေနဲ့ အားကစားနဲ့ပတ်သက်ပြီး ဘယ်လိုထင်မြင်ယူဆထားပါသလဲ၊ ကျန်းမာရေးအတွက်ရော ဘယ်လိုအထောက်အကူပြုနိုင်သလဲဆိုတာ သိပါရစေ၊ ပြီးတော့ ပြည်သူတွေကို ဘယ်လိုများ တိုက်တွန်းချင်ပါသလဲ၊။
ဖြေ။ ကျွန်မေနေနဲ့ ပြောလိုတာကတော့ အားကစားဆိုတာ လူတိုင်းနေ့စဉ်ပုံမှန် လုပ်ဆောင်သင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်၊ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ရလာမဲ့အကျိုးကျေးဇူးတွေကလည်း အရမ်းကြီးမား ပါတယ်၊ ကိုယ်ခံအားမြင့်တက်စေတယ်၊ သက်လုံကောင်းစေတယ်၊ အရွယ်တင်နုပျိုစေတယ်၊ နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးစေတယ်၊ ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ချမှတ်နိုင်တယ်၊ မှတ်ဉာဏ်တွေလည်း ကောင်းစေတယ်၊ အားကစားကို ပုံမှန်ပြုလုပ်ပေးသွားမယ်ဆိုရင် အသက်ရွယ်ကြီးတဲ့အထိ ကျန်းကျန်းမာမာနဲ့ နေနိုင်မှာဖြစ်ပါတယ်၊ ဒါကြောင့် လူသားတိုင်းအားကစားနည်းတစ်မျိုးမျိုးကို လေ့လာလိုက်စားပြီး နေ့စဉ်ပုံမှန်လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်ရှင်။
မေး။ အခုလို အစ်မတို့သိလိုတာကို မအားလပ်တဲ့ကြားထဲကနေ အချိန်ပေးပြီး ဖြေကြားပေးတဲ့ညီမလေးကို ကျေးဇူးအထူးတင်ရှိပါတယ်၊ ပြီးတော့ နိုင်ငံကိုယ်စားပြုပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုတွေရရှိပါစေလို့ ဆုတောင်း ပေးပါတယ် ညီမလေး။
ဖြေ။ ကျွန်မအနေနဲ့ အစ်မတို့အခုလိုမေးမြန်းတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
မဇင်