ကော့ကရိတ်မြို့၌ စာရေးဆရာ လယ်တွင်းသားစောချစ်၏ ကျောင်းဆရာနှင့် စာသင်ကျောင်းခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကော့ကရိတ်  ဇန်နဝါရီ  ၁၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အဖွဲ့နှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် ကျောင်းဆရာနှင့် စာသင်ကျောင်းခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၁)နာရီခွဲ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်က စာဖတ်ပရိတ်သတ် လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေလေ့လာဖတ်ရှုခြင်းအားဖြင့် အတွေးအခေါ်ဗဟုသုတနှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကော့ကရိတ်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတင့်မော်က စာသင်ကျောင်းသည် ရွာတစ်ရွာ၊ မြို့တစ်မြို့အတွက် ခေါင်းလောင်းသံချိုချိုဖြစ်ကြောင်း၊ ကျောင်း ဝတ်စုံမှာလည်း ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့် လိုက်ဖက်၍ ဂုဏ်သရေရှိသော လုံချည်စိမ်းနှင့် အင်္ကျီအဖြူရောင်တို့ဖြစ်သည့်အတွက် မြင်ရသည့်သူတိုင်း မျက်စိအေးစရာ၊ စိတ်ကြည်နူးစရာ၊ မြတ်နိုးလေးစားစရာဖြစ်ကြောင်းတို့ကို ဆွေးနွေးပြောကြားသည်။ ထို့နောက် (Book Club) အဖွဲ့ဝင် ဒေါ်ခင်ကြူအေးက ကျောင်းနှင့် ဆောင်ပုဒ်များ အကြောင်းကို ဆွေးနွေး ပြောကြားပြီး၊ တက်ရောက်လာကြသည့် အသင်းအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များမှ ဆွေးနွေးသွားသည့် ခေါင်းစဉ်များအပေါ် မိမိတို့အမြင်များ၊ သုံးသပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် -၁၉ရောဂါ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)