သာယာဝတီ ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ကျောင်းစုရပ်ကွက်၌ ဂန္ဓမာပန်းများကို တစ်ပိုင်တစ်နိုင်စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပန်းစိုက် တောင်သူ, များထံမှ သိရသည်။
ကျောင်းစုရပ်ကွက်နေ ဂန္ဓမာပန်းစိုက်ပျိုးသူက ကျွန်မတို့အရင်ကတော့ ဒီလိုဂန္ဓမာပန်းတွေစိုက်တဲ့ ဓလေ့မရှိခဲ့ပါဘူး။ ပြင်ဦးလွင်မြို့က သူငယ်ချင်းရဲ့ အဆက်အသွယ်နဲ့ စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင် လာခဲ့တာပါ။ ဂန္ဓမာပန်းမှာ တစ်ရိုးတစ်ပွင့် ထားတဲ့ပန်းနဲ့ အခိုင်လိုက်ထားတဲ့ ခိုင်ပန်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ကြွေဖြူ၊ လပ်ကီး၊ ကျောက်စိမ်း၊ ငုရွှေဝါစတဲ့ဂန္ဓမာပန်း အမျိုးအစားတွေကို အဓိကထားစိုက်ပျိုးပါတယ်။ ပန်းစိုက်တာက ကိုယ့်မိသားစုရော အလုပ်သမားတွေရဲ့ စားဝတ်နေရေး ကိုပါအထောက်အကူဖြစ်လို့ နှစ်စဉ်စိုက်ပျိုး ရောင်းချနေပါတယ်” ဟု ပန်းစိုက်တောင်သူ ဒေါ်စိမ်းမြက ပြောသည်။
ဂန္ဓမာပန်းပျိုးပင်များကို ပြင်ဦးလွင်မြို့မှ ဝယ်ယူကာ နွေပန်း၊ မိုးပန်း၊ ဆောင်းပန်းဟူ၍ ရာသီအလိုက် စိုက်ပျိုးကြပြီး စိုက်ပြီး လေးလ၊ ငါးလနှင့်ခြောက်လကြာလျှင် ပန်းအမျိုးအစားအလိုက် ပန်းခူး ရောင်းချရပြီး ယခုမြင်တွေရတဲ့ အနေအထားကတော့ တစ်လခွဲသား ရှိပြီဖြစ်ကြောင်း သိရသည်။ ယခင်က စီနှခွကျေးရွာ၌ ဂန္ဓမာပန်းကို ဆောင်းရာသီတွင် ပွင့်သည့် ဆောင်းပန်း တစ်မျိုးတည်းကိုသာ စိုက်ပျိုးပြီး နောက်ပိုင်းတွင် ဆောင်းပန်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလာသည့် အတွက်နွေရာသီနှင့် မိုးရာသီတို့တွင် ပွင့်သည့် နွေပန်းနှင့်မိုးပန်းများကိုလည်း တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သန့်ဇော်