ဖြူး ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုလျော့နည်းသွားသော်လည်း ရောဂါကွင်းဆက် ပြတ်တောက်စေရေးနှင့် မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်တားဆီး နိုင်စေရေးအတွက် ဆက်လက်အထူးကြပ်မတ် ဆောင်ရွက်နေလျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်က စတင်ကာမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် စောင့်ကြည့်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် များက နှာခေါင်းစည်း (Mask)မတပ်ဆင်သူများအား စစ်ဆေး၍ အသိပညာပေးပြီး အခုဝယ် အခု တပ်ဆင်စေခြင်း စနစ်ဖြင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် စောင့်ကြည့်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များက တစ်ပတ်လျှင်(၅)ရက် အဖွဲ့(၅)ဖွဲ့ခွဲကာ တစ်ရက်လျှင်တစ်ဖွဲ့စီ အလှည့်ကျ မြို့ပေါ်လမ်းဆုံလမ်းခွများတွင် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား အသိပညာပေး၍ အခုဝယ် အခုတပ်ဆင်စေခြင်းစနစ်ဖြင့် စစ်ဆေးဆောင်ရွက်ခြင်း၊(Mask)များအခမဲ့ ဖြန့်ဝေစေခြင်း၊ ပဲခူးလမ်းဘေး တစ်လျှောက် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လ္ဘက်ရည်ဆိုင်များအား လာရောက်စားသုံး သူများကို စနစ်တကျ လက်ဆေးစေရန်၊ ဆိုင်အတွင်း လေဝင်လေထွက် ကောင်းမွန်စေရန်၊ တစ်ယောက် ချင်းစီစားနိုင်ပြီး တစ်ဦးနှင့် တစ်ဦးကြား အကာဖြင့် ကန့်ထားပေးရန်၊ စားပွဲတစ်ဝိုင်းနှင့်တစ်ဝိုင်း(၆)ပေ အကွာထားရှိပေးရန် စသည့်အချက်များကို စီစဉ်ဆောင်ရွက် ရောင်းချမှုရှိမရှိ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် ယမန်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံရသူမရှိ သောကြောင့် စုစုပေါင်း အတည်ပြုလူနာ(၁၃၇၀)ဦး၊ သေဆုံးသူမှာ (၈၇)ဦး ဆေးရုံလက်ကျန်မရှိတော့ပဲ ဆေးရုံမှ ဆင်းသူဦးရေ(၁၂၆၃)ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။
နေမျိုးလွင်