မင်းကင်း သြဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ကျွဲကျကျေးရွာအုပ်စု ကျွဲကျကျေးရွာ အနီး ကနီ- မင်းကင်း- တောင်တွင်း- ကလေးဝ ကားလမ်းပေါ် ရှိ အရှည်ပေ(၇၀၀)၊ အကျယ် (၂၄)ပေ ပုထိုးလုံး တံတားသည် ၉၈ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါတံတားကို တံတားဉီးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃) မှ တာဝန်ယူတည်ဆောက်နေ ပြီး အရှည်(၇၀၀)ပေ၊ အကျယ်(၂၄)ပေ၊ ယာဉ်သွားလမ်း အကျယ် (၇.၃၁၅) မီတာနှင့် လူသွားလမ်း တစ်ဖက်လျှင် (၆.၉၀၅) မီတာပါရှိပြီး သံကူကွန်ကရစ်တံတားဖြစ်ကာ တံတား ခံနိုင်ဝန် (၇၅) တန် ဖြစ် ကြောင်း သိရသည်။
တံတားပြီးစီးပါက နိုင်ငံတကာ လမ်းမကြီးဖြစ်သော ကလေးဝ - ယာကြီး - မုံရွာ လမ်းမကြီးနှင့် ချိတ်ဆက်ကာ မင်းကင်း-ကလေးဝ ( ၄၀.၄ ) မိုင်၊ မင်းကင်း-ကနီ ( ၆၃.၃ ) မိုင် ကနီမြို့နယ် (၁၃) မိုင် တို့ကို ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။ တံတားကို (၁၀-၂-၂၀၁၈) ရက်နေ့ မှ စတင်တည်ဆောက်ခဲ့ ပြီး ကျပ် (၂၁၀၀) သန်း ကုန်ကျမည် ဖြစ်ကြောင်း သိရှိရ သည်။
လှငွေ(မင်းကင်း)