မင်းဘူး ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကိုင်းတောကြီးကျေးရွာ၌ ဒေသခံ တောင်သူများ၏ လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးကွက်သို့ လွယ်ကူချောမွေ့လျင်မြန်စွာ တင်ပို့ရောင်းချနိုင်ရန် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နေ့မှစတင်ပြီး ကုန်ထုတ်လမ်း ဖောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်၊ ခြောက်လတာကာလအတွင်း မြို့နယ်အတွင်းရှိ ကိုင်တောကြီး၊ လက်ခုပ်ပင်နှင့် ကုလားဟောင်း မြောင်း(၃)နေရာ၌ ကုန်ထုတ်လမ်း (၃)လမ်းကို ဖောက်လုပ်ပေးလျက်ရှိပြီး၊ ကိုင်းတောကြီးကျေးရွာ၌ မြေနီကျောက်စရစ်ကုန်ထုတ်လမ်းကို လမ်းအရှည် 1/1.2 mile ၊ အကျယ် ၁၄ ပေ၊ ထု ၁ ပေ ၉ လက်မ ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေ ပိုလျှံရန်ပုံငွေမှ ခွင့်ပြုငွေကျပ် (၄၀.၂၂၀)သန်းဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က စတင် ဆောင်ရွက်ခဲ့ကြောင်း၊ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာများက လမ်းရေရှည် တည်တံ့ခိုင်မြဲရေးနှင့် အရည်အသွေးကောင်းမွန်စေရေးအတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုထံမှ သိရသည်။
အဆိုပါ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးသွားပါက ကျေးရွာပေါင်း(၄)ရွာမှ အိမ်ခြေပေါင်း (၃၅၅)အိမ်၊ လူဦးရေ (၁၆၀၀)ဦး၏ အကျိုးပြု စိုက်ဧကပေါင်း (၂၂၀၀)ကျော်မှ လယ်ယာ ထွက်ကုန်များ ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)