ပွင့်ဖြူ ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အသင်းတို့ ပူးပေါင်းစီစဉ် ကျင်းပသည့် မျက်နှာသစ်ဆပ်ပြာအခဲ ပြုလုပ်နည်း သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းမှ အတွင်းရေးမှူး ဦးကျော်စိုး က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင် က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ယူလေ့လာခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်သန္တာသိမ့်သိမ့် (Happy Kids- ကိုယ်ပိုင် မူကြိုကျောင်း) က မျက်နှာသစ်ဆပ်ပြာအခဲ ပြုလုပ်ရာတွင် ပါဝင်ရမည့် ပစ္စည်းများနှင့် ပြုလုပ်နည်း အဆင့်ဆင့်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းကို ဆက်လက်ဖွင့်လှစ်ကာ သင်တန်းနည်းပြဆရာမ ဒေါ်သန္တာသိမ့်သိမ့်နှင့်အဖွဲ့က တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူ ၁၀ ဦး အား တစ်ပိုင်တစ်နိုင် အိမ်တွင်းမိသားစုဝင်ငွေ တိုးပွားစေရေးအတွက် မျက်နှာသစ် ဆပ်ပြာအခဲ ပြုလုပ်နည်းစနစ်များကို အခမဲ့စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်ပို့ချ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)