မိုးညို ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဇီးပင်အုပ်စု၊ ဇီးပင်ကျေးရွာတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် ရက်(၉၀) နွေစပါးစိုက်ပျိုးခြင်းကို ယမန်နေ့၁၀နာရီက တောင်သူဦးအောင်ကိုမင်း၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုကို မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သီတာဦး နှင့်ဝန်ထမ်းများက တောင်သူများရှေ့မှောက်တွင် ကောက်စိုက်စက်ဖြင့် ကောက်စိုက်ပုံနည်း စနစ်များကို လက်တွေ့အသုံးချကာပြသခဲ့ကြောင်း သိရသည်။
ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရာတွင် စိုက်ပျိုးသူတောင်သူများအနေဖြင့် ကနဦးစပါးမျိုးစေ့ကို ဆားရေစိမ်ပြီး စပါးစပ်ဖြူ၊ မျိုးညှောင့်ဖောက်၍ထားရပါမည်၊ ကောက်စိုက်စက်တွင် အသုံးပြုမည့် ၁'/၂' ရှိဗန်းအတွင်း နုန်းမြေ(၂)ဆ၊ နွားချေး (၁)ဆ ရောစပ်၍၊ တစ်ဗန်းလျှင် မျိုးစေ့နို့ဆီဗူး (၁)ဗူးထည့်၍စက်ဖွဲပြာဖုံးအုပ်ပြီး ဗန်းများကို သင့်တော်သလိုထပ်ကာ တာပေါ်လင်ဖြင့် (၂)ည လေ လုံအောင်ဖုံးအုပ်ထားပြီး(၂)ရက်မြောက်နေ့တွင် ဗန်းများကိုစီ၍ ရေကိုတစ်နေ့နှစ်ကြိမ် လောင်းရပါမည်၊ (၁၉)ရက်အကြာတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ပြီး တစ်ဧကလျှင် ဗန်း(၁၀၀)စိုက်ပျိုးနိုင်ကြောင်း သိရသည်။
အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုကြောင့်၊ တောင်သူများအနေဖြင့် အလုပ်သမားရှားပါးမှုကို ဖွေရှငျးနိုငျခွငျး၊ စိုက်ပျိုးခသက်သာခြင်း၊ မျိုးစေ့ကုန်သက်သာခြင်း၊ အချိန်တိုအတွင်းမှာ လုပ်ငန်းပြီးစီးခြင်း၊ ပေါင်းလိုက်၊ သမန်းနိုး၊ ဆေးဖြန်းလွယ်ကူခြင်းနှင့် တစ်နေ့ကို (၅)ဧက စိုက်ပျိုးနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုမင်း(မိုးညို)