မင်းဘူး ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre)တွင် Woman Club အဖွဲ့မှ ဆပ်ပြာဆီပြုလုပ်ခြင်း သင်တန်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က လက်တွေ့ သင်တန်းပေး ပြသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဆရာမ ဒေါ်နုနုရီက သင်တန်းသူများအား ဆပ်ပြာဆီ ပြုလုပ်ခြင်း နည်းများ တတ်မြောက်ပါက မိမိတို့ကိုယ်တိုင် ပြုလုပ်၍ အဝတ်အထည် စောင်၊ ခြင်ထောင်နှင့် အိုး၊ ခွက်၊ ပန်းကန်များ တိုက်ချွတ် လျှော်ဖွတ်နိုင်သည့်အပြင် စနစ်တကျ သင်ယူတတ်မြောက်ပါက အရည်အသွေးမီ ဆပ်ပြာဆီများကို ပြုလုပ်၍ ရောင်းချနိုင်သည့် အဆင့်အထိ ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မိမိတို့ အမျိုးသမီးများသည် အိမ်တွင်းလက်မှု လုပ်ငန်းများဖြစ်သော ဇာထိုး၊ ပန်းထိုးနှင့် အလှအပရေးရာ ပြုလုပ်ခြင်း လုပ်ငန်းများ တစ်ခုမဟုတ်တစ်ခု တတ်မြောက် ထားရမှာဖြစ်ကြောင်း၊ ယခုကတည်းက စိတ်ပါဝင်စားစွာ သင်ယူထားပါမှ နောင်လည်း ပြန်၍အသုံးချလို့ ရမှာဖြစ်ကြောင်းတို့ကို ပြောကြားပြီး ဆပ်ပြာဆီပြုလုပ်ရာတွင် ပါဝင်သည့် ပစ္စည်းများ၊ လက်တွေ့ပြုလုပ်ပုံ အဆင့်ဆင့်တို့ကို တစ်ခုချင်း ရှင်းလင်းသင်ကြားကာ တက်ရောက်လာကြသော သင်တန်းသူ များအား လက်တွေ့သရုပ်ပြပြုလုပ် ပြသခဲ့ကြသည်။
ထိုသင်တန်းကို မင်းဘူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မင်းဘူး(စကု) မြို့နယ် Woman Club အဖွဲ့တို့ ပူးပေါင်း ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းသူ ၁၅ ဦး တက်ရောက် သင်ကြားကာ အခမဲ့သင်ကြားပြသ ပေးခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင် ပြန်ဆက် ဦးစီးဌာနမှ သိရသည်။
ဇေယျာထက်(မင်းဘူး)