ညောင်တုန်း ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိဈေးများ မီးဘေးအန္တရာယ် ကင်းဝေးရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ ဇတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်ခန့်က စည်ပင်သာယာမြို့မဈေး၌ ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်စဉ်များကို စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ ဈေးသူ၊ ဈေးသားများနှင့် ပြည်သူများသိရှိစေရန် အသေးစိတ် ရှင်းလင်းဟောပြောခဲ့ပြီး အရေးပေါ်မီး လောင်ကျွမ်းမှု ဖြစ်ပွားသည့်အခါ မီးငြှိမ်းသတ်ရေး ကရိယာအမျိုးမျိုးနှင့် မီးသတ်ဆေးဘူးများကို လက်တွေ့အသုံးပြု၍ စနစ်တကျ မီးငြှိမ်းသတ်ခြင်းများကို စည်ပင်သာယာရေးဝန်ထမ်းများ၊ ဈေးသူ၊ ဈေးသားများနှင့်အတူ သရုပ်ပြ ဇတ်တိုက်လေ့ကျင့်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ ဇတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)