တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် လုံခြုံစိတ်ချမှုရရှိခဲ့သော လယ်တောင်ယာကျေးရွာနေ နို့တိုက်မိခင်တစ်ဦး၏ ရင်တွင်းခံစားချက်စကားသံ

တနင်္သာရီ   ဇန်နဝါရီ   ၁၇

ကျမနာမည် မဇင်မီမီခိုင်ပါ။ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုန်းကျေးရွာ အုပ်စု- လယ်တောင်ယာကျေးရွာမှာ မိသားစုနဲ့အတူ ဥယျာဉ်လုပ်ငန်း လုပ်ကိုင်ရင်းနဲ့နေတာပါ။ ကျမနဲ့အတူ အသက်(၆၀)နီးပါးရှိမိဘနှစ်ဦးနဲ့ နို့တိုက်ကလေးတစ်ဦးလဲရှိပါတယ်။  အရင်က ကျမတို့ ရွာထဲမှာ ကျန်းမာရေးဆရာ/မတွေ ကိုဗစ်-၁၉ကာကွယ်ဆေးတွေ အခမဲ့ လာထိုးပေးနေတာ သိလဲသိတယ်။ မြင်လဲမြင်တွေ့နေပါတယ်။

ဒါပေမဲ့ ဒီကာကွယ်ဆေးအကြောင်းကို အသေအချာလဲမသိဘူး။ ကျမက အဲဒီတုန်းက ကိုယ်ဝန်နဲ့ဆိုတော့ ကာကွယ်ဆေး မထိုးပေးသေးဘူး။ ကျမလဲ မထိုးချင်ဘူး။ ဒီကြားကာလတွေမှာ ကျမတို့ လယ်တောင်ယာရွာထဲမှာ ရောဂါပိုးကူးစက်မှုနှုန်းတွေ တအားမြင့်တက်လာပြီး နေအိမ်တွေကို Lock Down ချတယ်။ အသွားအလာကန့်သတ်တွေလုပ်ကြတယ်။ လူနာတွေကို နာရေးကူညီမှုအသင်းတွေနဲ့ ဥဩအသံတွေဆူညံဆူညံနဲ့ လာသယ်ယူနေတာတွေ မြင်တွေ့နေရတော့ ကျမ ရောဂါ ကူးစက်မှာကို အရမ်းစိုးရိမ်လာမိပါတယ်။ အထူး သဖြင့်မိဘ(၂)ပါးနဲ့ကျမရဲ့ကလေးတွေကို ကူးသွားမှာကို စိုးရိမ်ကြောင့်ကျလာတယ်။ နောက် တစ်ခုက ကာကွယ်ဆေးမထိုးသေးသူများကို ကူးစက်မှုပိုမြန်တယ်လို့ ပညာပေးကြေညာနေတာတွေ ကြားသိလာရတော့ ကာကွယ်ဆေးကို အရမ်းထိုးချင်နေမိတယ်။

အခုတော့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ကာကွယ်ဆေး လုံးဝမထိုးနှံ ရသေးတဲ့ ကျမတို့လိုနို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အိန္ဒိယနိုင်ငံ ထုတ်( Covid Shiled ) (ပထမ)အကြိမ်အဖြစ် ကျမတို့ကျေးရွာက ဘုန်းကြီးကျောင်းထဲမှာ လာထိုးပေးမယ်လို့ ကျေးရွာအုပ် ချုပ်ရေးမှူးရုံးကသိရလို့ ကျမအခု(ပထမ)အကြိမ်အဖြစ် ကာကွယ်ဆေးကို ထိုးနှံပြီးပါပြီ။ အခုဆိုရင်ကျမကိုယ်ကျမ ပိုမိုပြီး လုံခြုံသွားတယ်လို့ ခံစားရတယ်။ ကလေးကိုလဲ စိတ်ချလက်ချ နို့တိုက်ကျွေးနိုင်ပါပြီလေ။ ဆရာမတွေ ညွှန်ကြားတဲ့အတိုင်း (ဒုတိယ)အကြိမ်အဖြစ် ဆက်ထိုးနှံမှုခံယူသွားမှာပါ။ ကျမလိုပဲ လုံခြုံစိတ်ချရအောင် ကျမတို့ရဲ့မိတ်ဆွေတွေကိုလဲ ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးခွင့်ရနေတဲ့အချိန်မှာ အကြိမ် ပြည့် ဖြစ်အောင်ထိုးနှံကြဖို့ တိုက်တွန်းချင်ပါတယ်ရှင့်။

အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)