ပြင်စလူ ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
အသိပညာပေးနှိုးဆော်ရာ၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေ အတွက်ပိုမိုများပြားလာခြင်း၊ အိုမီခရွန်မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉ ရောဂါနှင့် လုံးဝမတူခြင်း၊ ယခင်ကိုဗစ်-၁၉ ရောဂါဖြစ်ဖူးသူများ ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် မိဘပြည်သူများအနေဖြင့် ပြင်ပမှဧည့်သည်များ လက်မခံပါရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုရန်၊ ကိုဗစ်-၁၉ ရောဂါကို မိမိကစ၍ ကာကွယ်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ တတ်နိုင်သမျှ အိမ်မှာနေပါ၊ လူစုလူဝေးရှောင်ပါ၊ အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)တပ်ဆင်ပါ၊ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ဆိုးပါ၊ ပြတင်းပေါက်များကို ဖွင့်ထားပါ၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့်စနစ်တကျ စက္ကန့် (၂၀)ကြာ ဆေးကြောကြပါ၊ သံသယလက္ခဏာခံစားရလျှင် ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ပါ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံရန်နှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားခြင်းကြောင့် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ခြင်း၊ အတူနေမိသားစုနှင့် အခြားသူများကို ကာကွယ်နိုင်ခြင်း၊ အိုမီခရွန်အပါအဝင် မျိုးရိုးဗီဇပြောင်းပိုးများကူးစက်မှုမှ ကာကွယ်နိုင်ခြင်း၊ ရောဂါကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင် ခြင်းအစရှိသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည့် ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ရပ်တန့်ဖို့ ရောဂါကာကွယ်ရေးလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ တိကျစွာလိုက်နာ၍ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေးလုပ်ငန်း များအားအရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် (၈)နာရီအချိန်က ပြင်စလူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေသခံ လူငယ်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့် နှိုးဆော်အသိပညာပေးလျက်ရှိသည်။
ဇော်ဝင်းထွန်း(ပြန်/ဆက်)